ပဲခူးအနောက်ခြမ်း ဆယ်ရက်တာတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးဟုဆို

ပဲခူးအနောက်ခြမ်း ဆယ်ရက်တာတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးဟုဆို
ဇန်နဝါရီ-၂၃၊ ၂၀၂၆။ ဒလပန်း/People’s Spring
ပဲခူးတိုင်း အနောက်ခြမ်း ဆယ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၅ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်ခရိုင် တပ်ရင်း ၂ က ဇန်နဝါရီ ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ရွေးကောက်ပွဲကို လုံခြုံရေးယူဖို့ စေလွှတ်တဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေလည်း ပါဝင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်ခရိုင် တပ်ရင်း-၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star ကပြောပါတယ်။
“ရွေးကောက်ပွဲကာလမှာကျတော့ စစ်ကြောင်းတွေကတော့ အစုံပေါ့နော်။ ပြည်ကနေပြီးတော့ ရွေးကောက်ပွဲ ကာဖို့ လွှတ်တာရှိတယ်။ ခလရ-၅၃ ပေါက်ခေါင်းပေါ့နော်။ ကပစ-၁၉ ကလည်း ပါပါတယ်”လို့ပြောပါတယ်။
ဇန်နဝါရီ ၇ ရက် နေ့လယ် ၁၂ ခန့်အချိန်မှာ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ရေဖြူကျေးရွာက မဲရုံကို ပြည်ခရိုင် တပ်ရင်း-၂ ၊ တပ်ခွဲ(၃) ရဲဘော်တွေက ဝင်ရောက်ရှာဖွေပြီး မဲစာရင်းနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူတွေကိုလည်း စစ်ကောင်စီပြုလုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲမှာပါဝင်ခြင်းမပြုဖို့ ပြောကြားခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း-၂ က ထုတ်ပြန်ပါတယ်။
မဲစာရင်းတွေကို မီးရှို့ပျက်စီးခဲ့တာကြောင့် စစ်ကောင်စီဘက်က ဇန်နဝါရီ ၈ ရက် မနက် ၉ နာရီမှာ ပေါက်ခေါင်းမြို့နယ် ရေဖြူကျေးရွာဘက်ကို အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးလာခဲ့တဲ့အတွက် ပြည်ခရိုင် တပ်ရင်း-၂ ၊ တပ်ခွဲ(၃) ရဲဘော်တွေနဲ့ ပေါက်ခေါင်းမြို့နယ် ပကဖပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
အဲဒီနေ့ တစ်ရက်တည်းမှာပဲ မဲပုံးတွေတင်ဆောင်လာပြီး ပြည်မြို့ကနေ ပေါက်ခေါင်းမြို့နယ်ဘက်ကို ထွက်ခွာလာတဲ့ ကား ၁၂ စီးပါ ယာဥ်တန်းရဲ့ နောက်က လုံခြုံရေးယူပေးတဲ့ ကားကို ပြည်-ပေါက်ခေါင်းလမ်းပိုင်းက ရေဖြူကျေးရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ထပ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
ဇန်နဝါရီ ၉ ရက်မှာလည်း ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာကနေ ပေါက်ခေါက်မြို့ဘက်ကို ပြန်ဆင်းလာတဲ့ စစ်ကောင်စီ ဖောကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ တပ်ရင်း-၂က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပေါက်ခေါင်းမြို့နယ်၊ သာယာကုန်းကျေးရွာ သင်္ချိုင်းနဲ့ ကန်စု စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၁၀ ရက်် နေ့လယ် ၃ နာရီကျော်မှာ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ-၂၁ ၊ ပြည်ခရိုင် တပ်ရင်း-၂ ၊ တပ်ခွဲ(၃) ၊ ပြည်ခရိုင် တပ်ရင်း-၁ တပ်ခွဲ(၃) နဲ့ ပေါက်ခေါင်းမြို့နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
ပေါက်ခေါင်းမြို့ ချင်းလည်စစ်ဆေးရေးဂိတ်ကနေထွက်လာတဲ့ စစ်ကောင်စီအင်အား ၂၀၀ ခန့်ကို ဇန်နဝါရီ ၁၃ ရက် နေ့လယ် ၃ နာရီမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ဗုံးသီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အရှေ့ကြို့ကုန်းကျေးရွာကနေ ကောင်းစည်ရွာအနောက်ဘက် မုံညှင်းကွင်းဘက်ကို ထွက်ခွာခဲ့ရာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
နောက်ရက် ဇန်နဝါရီ ၁၄ ရက်မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ဖိုးကျော့ကွင်းကျေးရွာကနေ ဆက်လက်ထွက်လာခဲ့ပြီး ပျားထိုးကျွန်း ကျေးရွာအနီးမှာ ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၆ ရက် မနက် ၄ နာရီကျော်မှာ ပေါက်ခေါင်းမြို့နယ် ဘောလုံးကွင်းကနေ တောင်လည် တာဝိုင်တိုင်အထိုင်စခန်းကို အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြို့ကုန်းကျေးရွာအနီးမှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၈ ရက် မနက် ၁ နာရီမှာလည်း တောင်လည်ကျေးရွာကနေ ပေါ်လံကြီးကျေးရွာဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ညောင်ဝန်းကျေးရွာ၊ ရှောက်ပင်ကျွန်းတောအနီးမှာ ပြည်ခရိုင် တပ်ရင်း-၂ ၊ တပ်ခွဲ(၃) ရဲဘော်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရေဖြူရွာဟာ ပေါက်ခေါင်းမြို့ရဲ့ အနောက်ဘက်မှာရှိပြီး ကျန်တဲ့ကျေးရွာတွေကတော့ ပေါက်ခေါင်းရဲ့ အရှေ့ဘက် ပေါက်ခေါင်း-အုတ်တွင်းလမ်းဘေးက ကျေးရွာတွေ ဖြစ်ပါတယ်။
ဆယ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၅ ဦးသေဆုံးခဲ့ပြီး နောက်ဆက်တွဲ ထိခိုက်သေဆုံးတာတွေကို ဆက်လက်အတည်ပြုစုံစမ်းနေဆဲလို့ ပြည်ခရိုင် တပ်ရင်း-၂က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေဆုံးထိခိုက်မှု အရေအတွက်ကို People’s Spring က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ တပ်ရင်း-၂က ဖော်ပြပါတယ်။
ပေါက်ခေါင်းမြို့နယ်ဟာ စစ်ကောင်စီက ပြုလုပ်နေတဲ့ ရွေးကောက်ပွဲ အပိုင်း-၂ မှာပါဝင်ခဲ့ပြီး ပေါက်ခေါင်းမြို့နယ်ရဲ့ ကျေးရွာအုပ်စု ၃၀ မှာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
(ပြည်ခရိုင် တပ်ရင်း – ၃၆၀၂ တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ – တပ်ရင်း – ၃၆၀၂)