ဗန်းမောက်မြို့တဝက်ခန့် စစ်တပ် ပြန်ထိန်းချုပ်

ဗန်းမောက်မြို့တဝက်ခန့် စစ်တပ် ပြန်ထိန်းချုပ်
ဧရာဝတီ၊ ဇန်နဝါရီ ၂၀၊ ၂၀၂၆
စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့တဝက်ခန့်ကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီး တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ရွေးကောက်ပွဲ တတိယပိုင်းအတွက် ပြင်ဆင်နေသည့် စစ်ကော်မရှင်သည် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ပူးပေါင်း၍ ဗန်းမောက်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ တပတ်ကျော်ကြာပြီဖြစ်ပြီး လက်ရှိ မြို့တဝက်ကို ပြန်လည်ထိန်းချုပ်သွားပြီဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
“တိုက်ပွဲကတော့ မြို့ထဲမှာ ဆက်ဖြစ်နေတယ်။ လက်ရှိကတော့ မြို့ရဲ့တဝက်လောက် ပါသွားပြီလို့ ပြောလို့ရတယ်။ မြို့တဝက်ဆိုတာက မြို့မဘုန်းကြီးကျောင်းဘက်၊ စာသင်ကျောင်းဘက်တွေ ပါသွားတာ” ဟု ၎င်းက ဧရာဝတီကို ပြောသည်။
ဗန်းမောက်မြို့ကို ပြန်လည်ရယူရန်အတွက် စစ်တပ်သည်အင်အားတိုးချဲ့ထားသလို လေကြောင်းဖြင့် တောက်လျောက် ပစ်ကူပေးခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းများလည်းရှိနေပြီး ရက်ဆက်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဗန်းမောက်မြို့ကို ပြန်လည်စိုးမိုးနိုင်ရေး စစ်ကော်မရှင် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး တိုက်ပွဲများနှင့် ဗုံးကြဲမှုတို့ကြောင့် အရပ်သား နေအိမ် အအောက်အအုံများထိမှန်ပျက်စီးခြင်းများလည်း ရှိနေသည်။
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို စက်တင်ဘာ ၂၀ ရက်ညနေတွင် အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ကြေညာထားသည်။
သတင်း- မောင်လူအေး “CJ”
ပုံစာ- ဇန်နဝါရီ ၁၅ ရက်က ဗန်းမောက် Royal Golden City Hotel ကို ဗုံးကြဲ၍ မီးလောင်နေစဉ်/”CJ”