မြန်မာနိုင်ငံ၏ စီးပွားရေးမှာ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ရှိပြီး ပြည်ပချေး ငွေများ ဆပ်နေရသည့်အပြင် နိုင်ငံ၏ GDP မှာလည်း လျော့နည်းနေဟု မင်းအောင်လှိုင်ပြော
ရန်ကုန်၊ ဇန်နဝါရီ ၂၀
မြန်မာနိုင်ငံ၏ စီးပွားရေးမှာ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ရှိပြီး ပြည်ပချေး ငွေများ ဆပ်နေရသည့်အပြင် GDP မှာလည်း လျော့နည်းနေကြောင်း အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။
ယမန်နေ့ ကျိုင်းတုံတွင် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးသမားများနှင့်တွေ့ဆုံစဉ် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက် မင်းအောင်လှိုင်က စစ်အာဏာသိမ်းခဲချိန်တွင် အချို့နိုင်ငံများနှင့် အဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့မှုများရှိခဲ့ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးမှာ ယခင်အစိုးရလက်ထက်ကတည်းက ကုန်သွယ်မှုလိုငွေများရှိခဲ့ကြောင်း၊ အဓိကစီးပွားရေးဖြစ်သည့် ပြည်တွင်းစိုက်ပျိုး၊မွေး မြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခဲ့ရာ ပိတ်ဆို့မှုများအကြားမှ ထိုက်သင့်သလောက် တိုး တက်မှုရှိလာခဲ့ကြောင်း၊ ကုန်သွယ်မှုလိုငွေမှာ ယခင်အနုတ်လက္ခဏာပြနေရာမှ အပေါင်း လက္ခဏာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း အကြမ်းဖက် မင်းအောင် လှိုင်က ပြောဆိုသည်။
လက်တွေ့တွင် နိုင်ငံတွင် ကုန်သွယ်ရေးလိုငွေမရှိစေရန်နှင့်ဒေါ်လာ လိုအပ်ချက် မရှိစေရန် စစ်ကောင်စီက အာဏာသိမ်းချိန်မှစတင်၍ ပြည်တွင်းသို့ စက်သုံးဆီ၊ စားအုန်းဆီနှင့် လက် နက် ခဲယမ်းများမှလွဲ၍ လူသုံးကုန်၊ ဆေးဝါးနှင့် အခြား သော ပြည်ပသွင်းကုန်များအားလုံးကို လုံး၀ တင်သွင်းခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် မင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ GDP မှာ ဒေသတွင်း နိုင်ငံများ ထက် လျော့နည်းလျက်ရှိနေကြောင်း၊ လက်ရှိအချိန် ပြည်ပချေးငွေများကိုလည်း ပြန်လည် ပေးဆပ်နေရကြောင်း ဆက်လက်ပြောဆိုသည်။
ထို့ကြောင့် ပြည်တွင်းတွင် စားကုန်၊သောက်ကုန်၊ သုံးကုန်များကို ပြည် တွင်း လိုအပ်ချက်ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုများ များစွာ လျော့ကျလာမည်ဖြစ်ကြောင်း၊ အလားတူ ပြည်တွင်းစားသုံးဆီလိုအပ်ချက်အတွက် နှစ်စဉ်ပြည်ပမှ ဝယ်ယူတင်သွင်းနေရခြင်းသည်လည်း တိုင်းပြည်အတွက် နစ်နာမှုပင်ဖြစ်ကြောင်း ပြောဆိုသည်။
စစ်တပ်က ဒေါ်လာသုံးစွဲမှုကို ထိန်းချုပ်ပြီး ဒေါ်လာတန်ဖိုးမတက်စေရန် အတွက် နိုင်ငံခြားငွေသုံးစွဲမှု ကော်မတီကို ဖွဲ့စည်းကာ တိုင်းပြည်၏ ဒေါ်လာသုံးစွဲမှုများကို ချုပ်ကိုင်ထားကာ သွင်းကုန်လိုင်စင်များကို ထိန်းချုပ် ထားခြင်း၊ စစ်တပ်၏ ခွင့်ပြုချက်မရဘဲ ပြည်တွင်းသို့ နယ်စပ်ကုန် သွယ်ရေးမှ ဖြစ်စေ၊ ပုံမှန် ကုန်သွယ်ရေးမှ ဖြစ်စေ မည်သည့် သွင်းကုန်မှ တင်သွင်းခွင့်မပြုသည့် စနစ်ကို ကျင့်သုံးလျက်ရှိသည်။