ပုလဲနယ် NUG ဂိတ်ကို ဗိုလ်နဂါးတပ် ပစ်ခတ်စီးနင်း၊ ဂိတ်တာဝန်ခံ ဖမ်းဆီးခံရ
————————————–
Myanmar Now / ဇန်နဝါရီ ၁၇
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဂိတ်တစ်ခုကို ဒေသအခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ် (BNRA) က ယနေ့နံနက်တွင် ပစ်ခတ် စီးနင်းခဲ့စဉ် ဂိတ်တာဝန်ခံတစ်ဦး ဖမ်းဆီးခံရကာ သေနတ် နှစ်လက်သိမ်းသွားကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။
ဗိုလ်နဂါးတပ်ဟု လူသိများသည့် BNRA တပ်ဖွဲ့ဝင်များက ပုလဲမြို့နယ်၊ ပန်းရွာရှိ NUG အခွန်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၇ ရက်) နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် သေနတ်ပစ်ဖောက် စီးနင်းခဲ့ပြီး ဂိတ်တာဝန်ခံ ပြည်သူ့လုံခြုံရေး (ပလဖ) အဖွဲ့ဝင် ကိုမင်းခိုင်ကို ဖမ်းဆီးသွားသည်ဟု မြို့နယ်ပကဖ ဒုတာဝန်ခံ ဒေါက်တာနန်းဝင်းက ပြောသည်။
“ ဖြစ်စဉ် ဖြစ်တဲ့တည်နေရာမှာ ပအဖ အခွန်တော်ဂိတ်လုပ်ထားတယ်။ တာဝန်ကျ ရဲဘော်တွေ ထား ထားတယ် ။ ဒီနေ့ ၁၁ နာရီခွဲလောက်မှာ BNRA ကရဲဘော်တွေက အရပ်ဝတ်နဲ့တစ်မျိုး၊ ယူနီဖောင်းနဲ့ တစ်မျိုး သွားသွားလာလာ ရှိတယ်။ ဂိတ်ကရဲဘော်တွေက ခရီးသွားဟန်လွှဲလောက်ပဲ ထင်တယ်”
“ တစ်ကြိမ်မှာတော့ BNRA ရဲဘော်က ရောက်လာပြီးတော့ နတ်ဆိုးဆိုတဲ့သူလည်း ပါတယ်။ သေနတ်တွေ ပစ်ဖောက်ပြီးဝင်လာတယ်။ ဂိတ်မှာတာဝန်ထမ်းဆောင်နေတဲ့ ကိုမင်းခိုင်ဆိုတဲ့တစ်ယောက် ရှိတယ်။ အဲ့ဒီ ကလေးနဲ့က နှစ်ယောက်ကို မြေကြီးပေါ်မှာ ဝမ်းလျားမှောက်ခိုင်းပြီးတော့ သေနတ်အတို ဒင်တွေနဲ့ထုတာ နှက်တာတွေရှိတယ်။ သေနတ် ပစ်ဖောက်တာတွေရှိတယ်”ဟု ဒေါက်တာနန်းဝင်း က ဖြစ်စဉ်ကို ပြောပြသည်။
သေနတ်သံကြားသဖြင့် ရောက်လာသည့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ဦးဇော်ထက်နှင့် လုံခြုံရေးယူပေးသည့် တပ်ဖွဲ့ကို BNRA ဘက်ကသေနတ်ဖြင့် ပစ်ခတ်ရာ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦး ခြေထောက်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဦးဇော်ထက်မှာ ဘေးလွတ်ကြောင်း ၎င်းက ဆိုသည်။
BNRA သိမ်းဆည်းသွားသည့်သေနတ် နှစ်လက်မှာ MA 1 အမျိုးစား သေနတ် တစ်လက်၊ ပစ္စတိုတစ်လက် ဖြစ်ကြောင်း ဒေါက်တာနန်းဝင်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့တွင်ပုလဲမြို့နယ်အတွင်း BNRA စစ်ဆေးရေးဂိတ် နှစ်ခုကို NUG လက်အောက်ခံ ခရိုင်ကွပ်ကွဲရေးဦးဆောင်သည့် PDF တပ်ရင်းများက စီးနင်းခဲ့ပြီး တစ်ပတ်ကျော်အကြာ BNRA က NUG အခွန်ဂိတ်ကို ပြန်လည်စီးနင်းမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က သေနတ်ပစ်ဖောက်မှု တစုံတရာ မဖြစ်ပွားခဲ့ပေ။
ပုလဲမြို့နယ်အတွင်း NUG ဂိတ် စီးနင်းခံရမှုနှင့်ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဖြစ်စဉ်မှန်ကန်ကြောင်း ဆိုသည်။
“ ပုလဲမြို့နယ် မြို့နယ်အခွန်ဂိတ်ကို BNRA အဖွဲ့ က သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းခဲ့ပါတယ်။ တာဝန်ကျ ရဲဘော်တွေကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ရဲဘော်အချို့ ပြန်လည် ထွက်ပြေးလွတ်မြောက်လာခဲ့ပေမယ့် ရဲဘော်တစ်ဦး ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။ ထွက်ပြေးစဉ် BNRA က သေနတ်နဲ့ လိုက်ပစ်တဲ့အတွက် ရဲဘော်တယောက် ခြေထောက်ထိမှန်ခဲ့တယ်။ အခွန်ဂိတ်က လက်နက်အချို့နဲ့ အခွန်ရငွေတွေကိုလည်း သိမ်းဆည်းသွားခဲ့တယ် လို့ သိထားပါတယ်” ဟု ၎င်းက ပြောသည်။
ထိုဂိတ်စီးနင်းမှုနှင့်ပတ်သက်ပြီး BNRA ဘက်ကိုလည်း Myanmar nowက ဆက်သွယ်မေးမြန်း ထားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးပါ။
ထိုဖြစ်စဉ်မှာ ရဲဘော် လေးဦးခန့်နှင့်ဖြစ်သည့် ကိစ္စသာဖြစ်ပြီး သက်ဆိုင်ရာတာဝန်ယူရှိသူများနှင့် ဖြေရှင်းနေဆဲဖြစ်ပြီး ပြည်သူများ စိတ်မပူကြရန် BNRA ခေါင်းဆောင် ဗိုလ်နဂါးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
အခွန်ဂိတ်မဟုတ်ဘဲ ပအဖ က ကြားဖြတ်ဂိတ်ဖွင့်ကောက်ခံသည့်အတွက် ဒေသခံပြည်သူက တိုင်ကြားလာသဖြင့် ဂိတ်မဖွင့်ရန် သွားရောက်တားမြစ်ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်နဂါးက ဘီဘီစီ ကို ဖြေကြားထားသည်။
ထိုဂိတ်မှာ တော်လှန်ရေးအစပိုင်းကာလကတည်းက အမျိုးသားညီညွတ်ရေးအစိုးရ ဖွင့်လှစ်ထား သည့် ဂိတ်ဖြစ်ပြီး ကနဦးတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ယူခဲ့ပြီး လွန်ခဲ့သည့် ခြောက်လခန့်မှ စတင်ကာ ပအဖ က တာဝန်ယူနေသည့် ဂိတ်ဖြစ်ကြောင်း ဒေါက်တာနန်းဝင်းက တုံ့ပြန်သည်။
“ ချလန် မပေးဘူးဆိုတာ လုံးဝမဟုတ်ဘူး။ မြို့နယ်ကသတ်မှတ်ထားတဲ့ အခွန်ဂိတ်ဖြစ်တဲ့အတွက် NUG ချလန် လုံးဝပါပြီးသား” ဟု ဒေါက်တာနန်းဝင်းက ဆိုသည်။
ဇန်နဝါရီ ၉ ရက်က BNRA ဂိတ် နှစ်ခုကို NUG အနေဖြင့် စီးနင်းခဲ့သော်လည်း မကြာသေးမီအချိန်မှာပင် BNRA က ဂိတ်တစ်ခု ပြန်လည်ဖွင့် လှစ်နေကြောင်း ဒေါက်တာနန်းဝင်းက ဆိုသည်။
“ ဂိတ်ပြန်ဖွင့်နေတယ်။ ငွေကြေးတောင်းခံတာမျိုးတွေရှိနေတယ်” ဟု ၎င်းကဆိုသည်။
တော်လှန်ရေးအင်အားစုများအကြား ပွတ်တိုက်မှုများနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးဖြေရှင်းရန် အရေးကြီးကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များက ထောက်ပြသည်။
မကွေးတိုင်း၊ ပုံတောင်ပုံညာ ဒေသနှင့်ထိစပ်နေသည့် ပုလဲမြို့နယ်တွင် NUG လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များ၊ ဗိုလ်နဂါးဦးဆောင်သည့် BNRA နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ၊ ကျောင်းသား တပ် (ABSDF) အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ လှုပ်ရှားသည်။
ဒေသတွင်းလှုပ်ရှားသော အဖွဲ့များအကြား ပွတ်တိုက်မှုများ ပုလဲနယ်အတွင်း ယမန်နှစ် အောက်တိုဘာလ အတွင်းကလည်း ဖြစ်ပေါ်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ပုလဲမြို့နယ်၊ ရေကျောကျေးရွာအနီး ကျောက်ချောလမ်းပေါ်တွင် ရှိသောပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဂိတ်တစ်ခုကို NUG အဖွဲ့များက လာရောက်တားမြစ်ရာမှ ပဋိပက္ခဖြစ်ကာ PLA တပ်ဖွဲ့ဝင် ခြောက်ဦး ဖမ်းဆီးခံရမှု ဖြစ်ပေါ်ခဲ့ ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ပုလဲနယ်အတွင်း စစ်တပ်အခြေချနေရာများကို BNRA နှင့် မဟာမိတ်အဖွဲ့က ၂၀၂၄ နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်စပြီး လေးရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်း တိုက်ပွဲများ ငြိမ်သက်သွားသည်။
ယမန်နှစ် ဇွန်၂ ရက်မှ စတင်၍ တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ပုလဲမြို့အနောက်ဘက် ၁၁ မိုင်ခန့် အကွာ ကန့်ဒေါင့်ရွာကို PLA ဦးဆောင်၍ စခန်းသိမ်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး စစ်လေယာဉ်တစ်စီး ပစ်ချနိုင်ခဲ့သော ထိုတိုက်ပွဲများတွင် PLA နှင့်အတူ ကျောင်းသားတပ် (ABSDF) ၊ ပုလဲအခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) ခရိုင်တပ်ရင်းများက ပါဝင်တိုက်ခိုက်ခဲ့ကြပြီး BNRA မပါဝင်ခဲ့ပေ။
ရှမ်းမြောက်တွင် တရုတ်ကြားဝင်ညှိနှိုင်းမှုဖြင့် ကိုးကန့်တပ်၊ တအာင်းတပ်တို့နှင့်စစ်တပ်က အပစ်ရပ်ပြီး ချိန်ကတည်းက စစ်ကိုင်း၊ မကွေး အပါအဝင် နိုင်ငံအလယ်ပိုင်း တော်လှန်ရေး အားကောင်းရာဒေသများ တွင် စစ်တပ်က စစ်ရေးအရှိန်မြှင့်နေသည်။
ထိုသို့ အရှိန်မြှင့်နေစဉ်မှာပင် ပုလဲနယ်အတွင်း သေနတ်ပစ်ဖောက်သော ဂိတ်စခန်းစီးနင်းမှု ပေါ်ပေါက်လာသည်။
ပုံစာ- BNRA ဦးဆောင်သူ ဗိုလ်နဂါး ။ (ဓာတ်ပုံ-BNRA)