လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံနေရသည့် အချိန်ကာလ နှစ်ပေါင်း ၂၀ ပြည့်ပြီ
ရန်ကုန်၊ ဇန်နဝါရီ ၁၇
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်လည်းဖြစ်၊ လူထုခေါင်းဆောင်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် သူမဘ၀တစ်လျှောက်လုံး အကျဉ်းထောင်နှင့် နေအိမ်အကျယ်ချုပ်တို့ဖြင့် အကျဉ်းချခံခဲ့ရသည့်ကာလမှာ အချိန်ကာလ စုစုပေါင်း နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံ၏ ရှုပ်ထွေးလှသော နိုင်ငံရေးလောကနှင့် ဝေးကွာရာ ဗြိတိန်နိုင်ငံတွင် ခင်ပွန်း၊ သား ၂ ဦးနှင့်အတူ အေးချမ်းစွာ နေထိုင်ခဲ့သူဖြစ်သည်။ ၁၉၈၈ ခုနှစ် နေမကောင်းဖြစ်နေသော မိခင်ဖြစ်သူကို ပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လာချိန်အထိ နိုင်ငံရေးလောကနှင့်ထိတွေ့ ဆက်စပ်မှုမရှိသေးပေ။
သို့သော်လည်း သူမ၏နိုင်ငံကို အုပ်ချုပ်နေသည့် စစ်အာဏာရှင်နှင့်စစ်တပ်က လူထုဆန္ဒပြ ပွဲများကို သွေးချောင်းစီး နှိမ်နင်းခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ရပြီးနောက်တွင် ဘေးထွက်ရပ်ကြည့်နေ၍ မရတော့ကြောင်း သူမ သိရှိနားလည်သွားခဲ့သည်။
မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိပြီး ၁ နှစ်အကြာ ၁၉၈၉ ခုနှစ် နွေရာသီတွင် သူမသည် စစ်အစိုးရ၏ ပထမဆုံးအကြိမ် ဖမ်း ဆီးခြင်းကို ခံခဲ့ရသည်။ ၎င်းသည် သူမ၏ ဘဝတစ် လျှောက်လုံးတွင် အကျဉ်းကျခံရခြင်း၊ နေအိမ်အကျယ်ချုပ်ချခံရခြင်းနှင့် ပြန်လည်လွတ် မြောက်လာခြင်းတို့ သံသရာလည်နေသည့် ဘဝအစပင် ဖြစ်သည်။
ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၌ အကျဉ်းကျခံရမှု စုစုပေါင်း နှစ်ပေါင်း ၂၀ ပြည့်မြောက်ခဲ့သည့် ဝမ်းနည်းဖွယ် မှတ်တိုင်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ်မှသည် ယခု လက်ရှိ ကြုံတွေ့နေရသည့် မရေရာသော အခြေ အနေများအထိ သူမကို ထပ်ခါတလဲလဲ ဖမ်းဆီးထားခြင်းသည် စစ်တပ်အနေဖြင့် နိုင်ငံအာဏာကို ဆက်လက်ဆုပ်ကိုင်ထားလိုသည့် ပြင်းပြသောဆန္ဒကို သက်သေပြနေခြင်းပင် ဖြစ်သည်။
“ကျွန်တော့်အမေဟာ ဒီမိုကရေစီထွန်းကားပြီး သာယာဝပြောတဲ့ မြန်မာပြည်ဖြစ်လာဖို့ သူမရဲ့ ကတိကဝတ်တွေကြောင့် စစ်တပ်ရဲ့ ထိန်းသိမ်းမှုအောက်မှာ စုစုပေါင်း နှစ်ပေါင်း ၂၀ ကြာ ကုန်ဆုံးခဲ့ရပါပြီ။ ဒီနေ့မှာတော့ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ကျွန်တော့်အမေဟာ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု လုံးဝမရှိတဲ့ စနစ်တစ်ခုအောက်မှာ အထီးကျန်စွာနဲ့ အရှင်လတ်လတ် မြေမြှုပ်ခံထားရသလိုပါပဲ။” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) က ပြောကြားသည်။
“ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဆိုင်ရာ သူမရဲ့ ဒဿနတွေ၊ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေကြောင့် သူမဟာ နိုင်ငံအတွင်းက ကွဲပြားမှုတွေကို ပေါင်းကူးပေးနိုင်တဲ့ တစ်ဦးတည်းသော ကိုယ်ကျင့်တရားဆိုင်ရာ အခွင့်အာဏာရှိသူနဲ့ ပြည်သူ့ကိုယ် စားလှယ် ဖြစ်ပါတယ်”။ မြန်မာပြည်မှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ ပထမဆုံးခြေလှမ်းအဖြစ် စစ်ကောင်စီက သူမကို အမြန်ဆုံး လွှတ်ပေးရပါမယ်။”ဟု သားဖြစ်သူ ကင်မ်အဲရစ်က ဆက်လက်ပြောဆိုသည်။
မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်လာကတည်းက စစ်တပ်က သူမအား ၎င်းတို့အာဏာအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ခဲ့ကြသည်။
ပထမဆုံးအကြိမ် အကျဉ်းကျခံရစဉ်အတွင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းမဖက်သည့် ငြိမ်းချမ်းစွာ တော်လှန် ရေး၏ ကမ္ဘာလုံးဆိုင်ရာ ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်အတွင်းမှာပင် သူမအား အရှေ့တောင်အာရှနိုင်ငံ၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အကြမ်းမဖက်ဘဲ တိုက်ပွဲဝင်ခဲ့မှုကြောင့် နိုဗယ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ လူထုအပေါ် လွှမ်းမိုးမှုမှာ အလွန်ကြီးမားလှသဖြင့် သူမအား လူထုနှင့် အဆက်အသွယ်ဖြတ်ထားသည့်တိုင် သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။ သို့သော် စစ်တပ်က ထိုရလဒ်ကို အသိအမှတ်မပြုဘဲ ငြင်းပယ်ခဲ့သည်။
သူမသည် ၁၉၉၅ ခုနှစ်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော်လည်း ရန်ကုန်မြို့ပြင်သို့ သွားလာခွင့်ကို ကန့်သတ်ခြင်း ခံခဲ့ရသည်။
ထို့နောက် ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလတွင် ထောက်ခံသူများနှင့် တွေ့ဆုံရန် ရန်ကုန်မြို့ပြင်သို့ ထွက်ခွာရန် ကြိုးပမ်းမှုကြောင့် ထပ်မံဖမ်းဆီးခံရပြီး ၂၀ လနီးပါး နေအိမ်အကျယ် ချုပ် ကျခံခဲ့ရပြန်သည်။
၂၀၀၃ ခုနှစ် မေလတွင် သူမ၏ ယာဉ်တန်းအား စစ်တပ်ထောက်ခံသူ လူအုပ်စုက ခြုံခိုတိုက်ခိုက်ခဲ့သည့် ဒီပဲယင်းလုပ်ကြံမှု ဖြစ် ပွားခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ၇ နှစ်ကျော် ထပ်မံကျခံခဲ့ရသည်။
၂၀၀၉ ခုနှစ်တွင် အမေရိကန်လူမျိုးတစ်ဦး သူမ၏ အင်းလျားလမ်းနေအိမ်သို့ ရေကူးဝင်ရောက်မှုကြောင့် ပြစ်ဒဏ်သက်တမ်း ထပ်မံတိုးမြှင့်ခြင်း ခံခဲ့ရပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
သူမ၏ အနီးဆုံး ဖမ်းဆီးထိန်းသိမ်းခံရမှုမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး စစ်တပ်က သူမ၏အစိုးရကို အာဏာသိမ်းကာ နိုင်ငံအတွင်း သေကျေပျက်စီးမှုများပြားသည့် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ချိန်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ သူမအား လူမြင်ကွင်းတွင် တစ်ခါမျှ မတွေ့ရတော့ပေ။
NLDပါတီက ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရပြီးနောက်တွင် သူမအား အာဏာမှ ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ထိုစစ်ဗိုလ်ချုပ်များသည်ပင် ၎င်းတို့၏ လက်ပါးစေပါတီများမှတစ်ဆင့် စစ်အုပ်ချုပ်ရေးကို ခိုင်မာစေရန် ရည်ရွယ်သည့် ရွေးကောက် ပွဲများကို ကျင်းပရန် ပြင်ဆင်နေကြသည်။ ၎င်းတို့သည် သူတို့၏ တစ်ဦးတည်းသော ပြိုင်ဘက်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကို နိုင်ငံရေးနယ်ပယ်မှ ဖယ်ရှားပြီးမှသာ ဤရွေးကောက်ပွဲကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ဆိုသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် NLD ပါတီသည် ယှဉ်ပြိုင်သည့် အမတ်နေရာ ၈၂ ရာခိုင်နှုန်းကို အနိုင်ရရှိခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အပြတ်အသတ် ရှုံးနိမ့်သွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဘဝတွင် အဓိက အချိုးအကွေ့တစ်ခုမှာ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမူဆလင်များအပေါ် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော နှိမ်နင်းမှုများ ပေါ်ပေါက်ခဲ့ချိန်ဖြစ်သည်။
သူမသည် ထိုစစ်ဆင်ရေးကို ရှုတ်ချရန် ပျက်ကွက်ခဲ့ရုံတင်မကဘဲ (ထိုစစ်ဆင်ရေးကြောင့် လူပေါင်း ၇ သိန်းကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းနှင့် နေရပ်စွန့်ခွာခဲ့ရခြင်းတို့ ဖြစ်ပွားခဲ့သည်)၊ စစ်တပ်အပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များကိုပင် ကာကွယ်ပြောဆိုခဲ့သည့်အတွက် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူဟူသည့် သူမ၏ ကမ္ဘာလုံးဆိုင်ရာ ပုံရိပ်မှာ အကြီးအကျယ် ထိခိုက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၉ ခုနှစ်တွင် သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရား ရုံး (ICJ) ရှေ့မှောက်တွင် ရပ်တည်ပြီး စစ်တပ်အပေါ် စွပ်စွဲချက်များသည် “မပြည့်စုံဘဲ မှားယွင်းသော အချက်အလက်များ” သာဖြစ်ကြောင်း လျှောက်လဲခဲ့သည်။ ထို့အပြင် ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ (ARSA) ၏ တိုက်ခိုက်မှုကြောင့် “ပြည်တွင်းပဋိပက္ခ” စတင်ခဲ့ခြင်းဖြစ်ကြောင်း သူမက ICJ တရားရုံးတွင် တင်ပြခဲ့သည်။
၆ နှစ်အကြာတွင် ICJ တရားရုံး မြန်မာစစ်တပ်၏ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်ဟူသော ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်များကို အပြန်အလှန် ကြားနာနေပြီဖြစ်သည်။
The Independent ကဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကော့ဇ်ဘဇား ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာများအပေါ် ဆက်လက်ဖိနှိပ်နေမှုများကို ကြားသိခဲ့ရသည်။ အချို့က ဒေါ်အောင်ဆန်းစုကြည်အပေါ် ၎င်းတို့၏ အမြင်များ ပြောင်းလဲလာပုံကို ပြောပြခဲ့ကြပြီး သူမသည်လည်း သူတို့ကဲ့သို့ပင် စစ်တပ်၏ ဖိနှိပ်မှုကို ခံနေရသည့် သား ကောင်တစ်ဦးသာ ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ် ၁၉၉၅ ခုနှစ်အထိ ဒီမိုကရေစီလှုပ်ရှားမှု၏ ခေါင်းဆောင်အဖြစ် ပေါ်ထွက်လာပြီးနောက် ပထမဆုံးအကြိမ် ဖမ်းဆီးခံရသည်။ ၁၉၉၁ ခုနှစ် အကျဉ်းကျနေစဉ်အတွင်း နိုဗယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသည်။
၂၀၀၀ ခုနှစ် ၂၀၀၂ ခုနှစ်အထိ ရန်ကုန်မြို့ပြင်သို့ ထွက်ခွာရန် ကြိုးပမ်းမှုကြောင့် ထပ်မံဖမ်းဆီးခံရပြီး ၂၀ လနီးပါး ထိန်းသိမ်းခံရသည်။
၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဒီပဲယင်းတွင် သူမ၏ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။ ၂၀၀၉ ခုနှစ်တွင် အမေရိကန်လူမျိုးတစ်ဦး သူမ၏အိမ်သို့ ရေကူးဝင်ရောက်မှုကြောင့် ပြစ်ဒဏ်သက်တမ်း တိုးမြှင့်ခံခဲ့ရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လက်ရှိအချိန်အထိ စစ်အာဏာသိမ်းမှုအတွင်း ဖမ်းဆီးခံနေရပြီး အစပိုင်းတွင် နေအိမ်အကျယ်ချုပ်ထားရှိသော်လည်း နောက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ဘက်ဆိုင်ရာ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။
ယခင် ဖမ်းဆီးခံရမှုများနှင့် မတူသည်မှာ ယနေ့ အခြေအနေသည် ပိုမိုဆိုးရွားနေခြင်းဖြစ်သည်။ သူမအား မည်သည့်အခြေအနေတွင် ထားရှိသည် သို့မဟုတ် သူမ၏ ကျန်းမာရေး အခြေအနေ မည်သို့ရှိသည်ကို လုံးဝ မသိရှိရသလောက် ဖြစ်နေသည်။ သူမအား နေပြည်တော်ရှိ စစ်ဘက်ဆိုင်ရာ အကျဉ်းထောင်တစ်ခုတွင် ထိန်းသိမ်းထားသည်ဟုသာ ယူဆရသည်။
“ကျွန်တော် သိသလောက်ဆိုရင် သူမ သေတောင် သေသွားနိုင်တယ်” ဟု သားဖြစ်သူ အဲရစ်က မကြာသေးမီက ပြောကြားခဲ့သည်။ သို့သော် အာဏာရ စစ်ကောင်စီကမူ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး ကောင်းမွန်ကြောင်း အခိုင်အမာ ပြောဆိုနေသည်။
“သူမဟာ သူမရဲ့နိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် နှစ်ပေါင်း ၄၀ နီးပါး ပေးဆပ်ခဲ့ပြီး အဲဒီသက်တမ်းရဲ့ ထက်ဝက်နီးပါးကို အကျဉ်းထောင်ထဲမှာပဲ ကုန်ဆုံးခဲ့ရတာပါ။ စစ်အာဏာ ရှင်စနစ်က နိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးတွေ ခံစားရစေမယ့် ပဋိပက္ခတွေထဲကို တွန်းပို့ခဲ့တာကြောင့် စစ်အစိုးရမှာ တာဝန်ရှိပါတယ်။ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲတွေဟာ အာဏာရှင်စနစ်ကို အမည်ပြောင်းဖို့ပဲ ဖြစ်ပါတယ်” ဟု Fortify Rights မှ အကြီးတန်းညွှန်ကြားရေးမှူး Benedict Rogers က ပြောကြားခဲ့သည်။
သူမ၏သားဖြစ်သူက သူမတွင် နှလုံးရောဂါအခံ ရှိနေပြီး အကျဉ်းကျနေသည့် အခြေအနေများကြောင့် ပိုမိုဆိုးရွားလာနေကြောင်း ပြောသည်။
“အမေဟာ ထောင်ပြင်ပက နှလုံးအထူးကုဆရာဝန်နဲ့ ပြသခွင့်ရဖို့ တောင်းဆိုထားပါတယ်။ ဒါကို ခွင့်ပြုခြင်း ရှိ၊ မရှိ ကျွန်တော် မသိရပါဘူး။”ဟု သားကင်မ်အဲရစ်က ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဒေါ်အောင်ဆန်းစုကြည် အနှစ် ၂၀ ကြာ အကျဉ်းကျခံနေရခြင်းသည် “နေ့စဉ်နှင့်အမျှ ရင်ထဲ၌ လေးလံစွာ ခံစားနေရသည့် ကြီးမားသော မတရားမှု” ဖြစ်သည်ဟု ဆိုသည်။
“ဒါဟာ သူမကို အကျဉ်းထောင်ထဲမှာ ထားထားရင်တောင်မှ သူမရဲ့ သြဇာအာဏာကို ကြောက်လန့်နေတဲ့ အကြမ်းဖက်စစ်တပ်က တမင်တကာ လုပ်ဆောင်နေတဲ့ ရက်စက်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။”ဟု NUG က ပြောသည်။
NUG အစိုးရက ကမ္ဘာ့နိုင်ငံများထံသို့ စစ်တပ်ကို အရေးယူဆောင်ရွက်ရေး တောင်းဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ် သက်၍ နိုင်ငံတကာက စိုးရိမ်သည်ဟု ပြောရုံတင်မကဘဲ ပြန်လည်လွတ်မြောက်လာရေးအတွက် ခိုင်မာသော အရေးယူမှုများ လုပ်ဆောင်ရန် တိုက်တွန်းထားသည်။
“သူမနဲ့အတူ အခြားသော နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ ကျော်ကို လွှတ်ပေးဖို့က ဒီပဋိပက္ခတွေကို အဆုံးသတ်ဖို့အတွက် ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်” ဟု NUG က ဆိုသည်။
(The Independent တွင် ဖော်ပြထားသော Renewed calls for Aung San Suu Kyi to be released after she completes 20 years ‘buried alive’ in Myanmar detention ကို ဆီလျှောအောင် ဘာသာပြန်ဆိုထားပါသည်။