ရခိုင်ပြည်တွင် စစ်တပ်က အင်အားအလွန်အကျွံ့သုံးခဲ့မည်ဆိုလျှင်ပင် လူမျိုးသုဉ်းစေမှု မြောက် မည်မဟုတ်ဟု ကိုကိုလှိုင်က ICJ တရားရုံးတွင် ထွက်ဆို
ရန်ကုန်၊ ဇန်နဝါရီ ၁၇
ရခိုင်ပြည်တွင် စစ်တပ်က အင်အားအလွန်အကျွံ့သုံးခဲ့မည်ဆိုလျှင်ပင် လူမျိုးသုဉ်းစေမှု မြောက်မည်မဟုတ်ကြောင်း အကြမ်းဖက် စစ်တပ်၏ ကိုယ်စား လှယ် ကိုကိုလှိုင်က ICJ တရားရုံးတွင် ထွက်ဆိုသည်။
ယမန်နေ့ ICJ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံက တရားစွဲထားသော ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံက ခုခံလျှောက်လဲစဉ် ကိုကိုလှိုင်က ယင်းကဲ့သို့ ထွက်ဆိုလာခြင်းဖြစ်သည်။
“၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် စစ်ဆင်ရေးများနှင့်ပတ်သက်လို့ ဂမ်ဘီယာက ARSA အကြမ်း ဖက်အဖွဲ့၏ လုပ်ဆောင်ချက်များကို ငြင်းဆိုထားခြင်းမရှိသော်လည်း အစိုးရကလိုအပ်၍ တုံ့ပြန်ဆောင်ရွက် မှုများကိုမူ ငြင်းဆိုလိုတဲ့သဘောရှိပါတယ်။ သို့သော် မြန်မာနိုင်ငံ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်သမားများကို စိတ်ကြိုက်ခြယ်လှယ်ခွင့်ပေးထားသင့်တယ်လို့ ဂမ်ဘီယာကဆိုလိုနေခြင်း မဟုတ်နိုင်ပါ။ တုံ့ပြန်ရာမှာ အင်အားအလွန်အကျွံသုံးခဲ့ တယ်လို့ ဂမ်ဘီယာက အဓိကပြောလိုခြင်းသာ ဖြစ်ပါတယ်။ အကယ်၍ အင်အားအလွန်အကျွံ သုံးခဲ့မည်ဆိုလျှင်ပင် လူမျိုးသုဉ်းစေမှု မြောက်မည်မဟုတ်ပါ” ဟု အကြမ်းဖက် ကိုကိုလှိုင်က ပြောဆိုသည်။
ရခိုင်ပြည်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အခြေအနေများမှာ အကြမ်းဖက်တိုက်ခိုက်မှုများကို တန်ပြန်တိုက်ခိုက်ခဲ့သော နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးသာဖြစ်ကြောင်း ကိုကိုလှိုင်က ပြောဆိုသည်။
“ဒီအမှုကို ဆုံးဖြတ်ရာမှာ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက် မှုများကို ချန်လှပ်ထားလို့မရပါ။ အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် “နယ်မြေရှင်းလင်းရေး” (Clearance Operations)များ ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ အထူးရှင်းပြလိုတာကတော့ ဒီအသုံးအနှုန်းဟာ စစ်ဘက်ဆိုင်ရာအသုံးအနှုန်း (Term of military art) တစ်ခုသာဖြစ်ပြီး၊ သောင်းကျန်းမှုနှိမ်နင်းရေး သို့မဟုတ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို ရည်ညွှန်းပါ တယ်။ ဒီအသုံးအနှုန်းကို ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုမှု ရှိပါတယ်။ ဂမ်ဘီယာအနေနဲ့ တိကျမှုမရှိတဲ့အချက်အလက်များကို အခြေခံပြီးတရားရုံးကို ဆုံးဖြတ်ချက် ချစေရန် ကြိုးပမ်းနေပါတယ်” ဟု ကိုကိုလှိုင်က ဆက်လက်ပြောဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပဋိပက္ခများကြောင့် လူများသေဆုံးခဲ့ပြီး လူအများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည်မှာ အမှန်ပင်ဖြစ်ကြောင်း ကိုကိုလှိုင်က ဝန်ခံသည်။
“ပဋိပက္ခများရဲ့ နောက်ဆက်တွဲအနေနဲ့ သေဆုံးမှုများရှိခဲ့ပြီး၊ လူအများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသည်မှာ အမှန်ပင်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ အခြားသော လက်နက်ကိုင် ပဋိပက္ခများနှင့် မတည်ငြိမ်မှုများ၊ မြန်မာနိုင်ငံရဲ့ အခြားဒေသများတွင် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်များကဲ့သို့ပင် ဒေသခံပြည်သူများအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့ပါတယ်” ဟု ကိုကိုလှိုင်က ဆက်လက်ပြောဆိုထားသည်။
မြန်မာနိုင်ငံမှ စစ်တပ်အနေဖြင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ရိုဟင်ဂျာအရေးနှင့်ပတ်သက်သော အစီရင်ခံစာများကို လက်မခံကြောင်း၊ ယင်းသို့ လက်မခံသော အစီရင်ခံစာများကို ဂမ်ဘီယာက အသုံးပြုနေကြောင်း ၎င်းက ICJ တရားရုံးတွင် စောဒက တက်သည်။
“မြန်မာနိုင်ငံသည် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော အချက်အလက်စုဆောင်းရေးအဖွဲ့ (FFM)၊ မြန်မာနိုင်ငံ အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM)တို့၏ ဘက်လိုက်မှုကို လက်မခံသကဲ့သို့ ဂမ်ဘီယာက အသုံးပြုသည့်အချက် အလက်များမှာတိကျမှုနဲ့ ယုံကြည်စိတ်ချမှုရှိသည်ကို လက်မခံပါ” ဟု အကြမ်းဖက်ကိုကိုလှိုင်က ဆိုသည်။
ယင်းအပြင် မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာအမည်ကို လက်မခံဘဲ ယင်းသို့ လက်မခံသည်ကို ဂမ်ဘီယာက ကန့်ကွက်နေကြောင်း၊ အမည်ကို ခေါ်ဝေါ် သုံးစွဲမှု မပြုခြင်းမှာ ယင်းလူမျိုးများ၏ ဖြစ်တည်မှုနှင့် ဖြစ်တည်ခွင့်ကို ဖျက်ဆီးရန် ရည်ရွယ်ချက်မဟုတ်ကြောင်း ကိုကိုလှိုင်က ခုခံချေပသည်။
“ဂမ်ဘီယာက မြန်မာနိုင်ငံအနေနဲ့ “ရိုဟင်ဂျာ” ဟူသောအမည်ကို တရားဝင်အသုံးမပြုဘဲ “ဘင်္ဂါလီ” ဟုသာ အသုံးပြုတယ်လို့ ကန့်ကွက်ပါတယ်။ ဒါပေမယ့် ဒီလိုသုံးနှုန်းရတာ ခိုင် လုံတဲ့ အကြောင်းပြချက်တွေ ရှိတယ်ဆိုတဲ့အချက်ကိုတော့ဂမ်ဘီယာကမရှင်းပြခဲ့ပါ။ အုပ်စု တစ်ခုကို အမည်တစ်ခုတပ်ပြီး ခေါ်ဝေါ်သုံးစွဲမှုမပြုခြင်းဟာ ယင်းလူမျိုးများ ဖြစ်တည်မှု/ဖြစ်တည်ခွင့်မရှိဟု သော်လည်းကောင်း သို့မဟုတ် ဒီအုပ်စုကို ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဇီဝပိုင်းဆိုင်ရာ ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိသည်ဟုသော်လည်းကောင်း မယူဆနိုင်ပါ” ဟု အကြမ်းဖက်ကိုကိုလှိုင်က ဆိုသည်။
၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇၃၀,၀၀၀ ခန့် အိမ် နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး၊ ထိုစစ်ဆင်ရေးတွင် “လူမျိုးတုံးသတ်ဖြတ်မှု မြောက်သည့် လုပ်ရပ်များ” ပါဝင်နေကြောင်း ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က ကောက်ချက်ချခဲ့သည်။
မြန်မာနိုင်ငံကမူ ဤတွေ့ရှိချက်များသည် “ဘက်လိုက်ပြီး ချို့ယွင်းချက်ရှိနေသည်” ဟု ပယ်ချခဲ့ကာ၊ ၎င်းတို့၏ နှိမ်နင်းမှုမှာ တိုက် ခိုက်မှုများ ပြုလုပ်ခဲ့သည့် သူပုန်များကိုသာ ရည်ရွယ်ခြင်းဖြစ်သည်ဟု ငြင်းဆိုထားသည်။
အဆိုပါအမှုကို ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် (Genocide Convention) အရ တရားစွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါ စာချုပ်အရ လူမျိုးတုံးသတ်ဖြတ်မှုဆိုသည်မှာ “နိုင်ငံသား၊ လူမျိုးစု၊ မျိုးနွယ်စု သို့မဟုတ် ဘာသာရေးအုပ်စု တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်သော လုပ်ရပ်များ” ကို ဆိုလိုခြင်းဖြစ်သည်။
တရားလို ဂမ်ဘီယာနိုင်ငံနှင့်အတူ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီနှင့် ယူကေနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၁ ခုက တရားလိုနိုင်ငံများ အဖြစ် ပူးပေါင်းပါဝင်လာကြသည်။
ဂမ်ဘီယာက မြန်မာနိုင်ငံရှိ လူနည်းစုမွတ်စလင်အုပ်စုဖြစ်သည့် ရိုဟင်ဂျာများအပေါ် လူမျိုး တုံးသတ်ဖြတ်မှုကျူးလွန်သည်ဟု စွပ်စွဲကာ ICJ တွင် မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကမူ နိုင်ငံတကာတရားရုံး ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားသော အမှုဆိုင်ရာ ကြားနာမှုများနှင့် ပတ်သက်၍ အကြမ်း ဖက် စစ်တပ်၏ တင်ပြချက်များသည် မြန်မာပြည်သူများ၏ ဆန္ဒကို ကိုယ်စားမပြုကြောင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။