မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်နှင့် စစ်အာဏာရှင်စနစ် ပျက်သုန်းမှသာ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်ဂိုဏ်းများ မြန်မာနိုင်ငံတွင် နိဂုံးချုပ်မည်ဟု KNU ပြော

မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်နှင့် စစ်အာဏာရှင်စနစ် ပျက်သုန်းမှသာ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်ဂိုဏ်းများ မြန်မာနိုင်ငံတွင် နိဂုံးချုပ်မည်ဟု KNU ပြော
ရန်ကုန်၊ ဇန်နဝါရီ ၁၇
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုများနှင့် ကမ္ဘာကို ဒုက္ခပေးနေသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများ ကြီးထွားလာခြင်းတို့တွင် မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားမှသာလျှင် မူးယစ်ဆေးဝါးများနှင့်ကျားဖြန့်ဂိုဏ်းများ နိဂုံးချုပ်မည်ဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒို စောတောနီးက ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ကရင်အမျိုး သား အစည်း အရုံး၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ်သူ ပဒိုစောတောနီးက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ နိုင်ငံတွင် မူးယစ်ဆေးဝါးထွက်ရှိမှုမှာ ကမ္ဘာ့နံပါတစ်ဖြစ်လာနေပြီး ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှာလည်း အလွန်ကြီးထွားလာကြောင်း၊ ယင်းသို့ ဖြစ်ပွားနေရခြင်းမှာ မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်တပ်က မူးယစ်ဆေးဝါးထုတ် လုပ်ရေးများနှင့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် ထဲထဲဝင်ဝင် ပါဝင်နေခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“မူးယစ်ဆေးဝါးနဲ့ အဲဒီ ကျားဖြန့်လိမ်လည်တဲ့ဟာတွေက စစ်အာဏာသိမ်းပြီးတော့ ၂၀၂၁ နောက်ပိုင်းမှာ အရမ်းကို ကျယ်ပြန့်လာတယ်ဆိုတာ ဒါက ရိုးရိုးသားသားမဟုတ်တော့ဘူး။ ဒါက တကယ့် အာဏာချုပ်ကိုင်တဲ့ လူတွေက တကယ် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာတာက ငြင်းကွယ်လို့ မရတဲ့ အထောက် အထားတွေက အများကြီးရှိလာတဲ့အခါမှာ အထူး သဖြင့် တရုတ်နယ် စပ်ဘက်မှာရှိတဲ့ အဲဒီ ငွေလိမ်ဂိုဏ်းနဲ့ ပတ်သက်ပြီး လူတွေက ဖမ်းဆီးပြီးတော့ ဖော်ထုတ်လိုက်တဲ့အခါမှာ သူတို့ ထုတ်ဖော်ချက်အရဆိုတော့ ဒီစစ်တပ်ရဲ့ အာ ဏာပိုင်တွေက ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတာ။ သူတို့ မီဒီယာမှာ ထုတ် ပြောပြီးသား။ အဲ့ဒါလူတိုင်းလည်းသိတဲ့ကိစ္စ၊ ငြင်းလို့မရတဲ့ဟာတွေက အဲ့ဒါကြောင့်မို့လို့ သူတို့ဝင်ငွေလမ်းကြောင်းက ဒီကို ဖာထေးနိုင်ဖို့အတွက်က တခြား နည်းလမ်းမရှိတော့ဘူး။ အဲဒါ မူးယစ်ဆေးဝါးရယ်၊ နောက်ပြီးတော့ ကျားဖြန့် ငွေလိမ်ဂိုဏ်းနဲ့ ရတဲ့ဟာတွေရယ်၊ အဲ့ဒါကိုပဲ သူတို့ အားကိုးမှီခိုပြီးတော့ လုပ်နေကြတဲ့ဟာ။ ဒါပေမယ့်လို့ အဲ့ဒီလုပ်တဲ့ဟာက ဘူးပေါ်သလို ပေါ်တယ်ဆိုပေမယ့်လို့ အဲ့ဒါကိုကာဖို့အတွက်က သူတို့ တခြားနည်းလမ်းနဲ့ သွားပြီးတော့ ရှာလို့မရတဲ့အခါမှာ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေပဲ ရမယ် ရှာပြီးတော့ ဟိုလူက ဒီလိုလုပ်ပါတယ်၊ ဒီလူက လုပ်ပါတယ်ဆိုပြီးတော့ ယိုးစွပ်တော့တာပဲ။ အဲ့ဒါတွေက ကျွန်တော်တို့ ဘယ်လိုမှကို လက်ခံလို့မရဘူး။ ဒါတွေကလည်း ကမ္ဘာလည်းသိ ဖြစ်နေတယ်၊ တိုင်းသူပြည်သားလည်း သိနေတယ်။ ဒီကျားဖြန့်ဆိုတဲ့ ငွေလိမ်တဲ့ ကိစ္စတွေ၊ မူးယစ်ဆေးဝါးတွေကလည်း တစ်ကမ္ဘာလုံးမကဘူး ဒီပြည်တွင်းထဲမှာဆို ပြောစရာကို မရှိတော့တဲ့ဟာက ဒါဘာကြောင့်လဲ။ စစ်အာဏာသိမ်းခြင်းရဲ့ နောက်ဆက်တွဲပြဿနာ ဖြစ်ပေါ်လာတဲ့အခါကျတော့ ဝင်ငွေတွေဆုံးရှုံးတဲ့အခါမှာ ဖြတ်လမ်းနည်းနဲ့ ဝင်ငွေရှာလာတဲ့ဟာ၊ သူတို့က အဲဒါကို လုပ်လာတဲ့အတွက် ဒီလိုကိစ္စမျိုးတွေ ဖြစ်လာပါတယ်” ဟု ပဒိုစောတောနီးက ရှင်းပြသည်။
နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများကို ကောင်းမွန်စွာ သဘောပေါက်ရန်လိုအပ်နေပြီး ကျားဖြန့်တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အမှန်တကယ်လုပ်ဆောင်နေသော KNU ကဲ့သို့သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ရှင်သန်နေသမျှ ကာလပတ်လုံး မူးယစ်ဆေးဝါးနှင့်ကျားဖြန့် အမြစ်ဖြတ်ရေး မလွယ်ကူနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်
” ဒီပြဿနာရဲ့ အရင်းအမြစ်၊ အရင်းခံက ဒါက စစ်အာဏာရှင် အဆက်ဆက်တွေရဲ့ ဒီဟာကို တရားဥပဒေစိုးမိုးမှု လုံးဝမရှိဘဲနဲ့ လုပ်တဲ့ကိစ္စရယ်၊ သူတို့ဆီက ပေါက်ဖွားလာတဲ့ကိစ္စရယ်။ အဲ့ဒါကြောင့်မလို့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ချုပ်ငြိမ်းအောင် တိုက်ဖျက်နိုင်မှသာလျှင် ဒီကိစ္စကပြီးပြတ်မှာ ဖြစ်မယ်။ အဲ့ဒါကြောင့်မလို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်တော် ခဏခဏဖိတ်ခေါ်တာ၊ ကျွန်တော်တို့ လက်တွဲလုပ်ဆောင်ဖို့ အများကြီးလိုတယ်။ ဒီ စစ်အာဏာရှင် စနစ်နဲ့ ဒီမတရားတဲ့စနစ်ကိုတိုက်ဖျက်ဖို့အတွက်ဆိုရင်တော့ အဲဒါ တစ်ခါတည်း တိုက်ဖျက်ပြီးတာနဲ့ အရာရာအားလုံးက တစ်ချက်ခုတ် နှစ်ချက်ပြတ်တောင်မကဘူး၊ ဆယ်ချက်တောင် ပြတ်နိုင်တဲ့အရာ။ မူးယစ်ဆေးဝါးကိစ္စလည်း ပြီးသွားနိုင်တယ်၊ ကျားဖြန့် ငွေလိမ်ဂိုဏ်းနဲ့အွန်လိုင်းဂိမ်း ကိစ္စတွေလည်း ပြီးသွားနိုင်တယ်၊ တခြား မလိုလားအပ်တဲ့ကိစ္စတွေအများကြီးလည်း တစ်ခါတည်း ကိစ္စပြီးသွားမယ်။ အဲဒါမှ မဟုတ်ဘဲ ကိုင်းဖျား ကိုင်းနား လျှောက်လုပ်နေရင်တော့ ဘယ်တော့မှ ပြီးနိုင်မှာမဟုတ်ဘူး။ ဟိုလူနည်းနည်းပြန်ပို့လိုက်၊ ဒီလူနည်းနည်းပြန်ပို့လိုက်တာ ဒါက ပြဿနာရဲ့ အဖြေမဟုတ်ဘူး” ဟု ပဒိုစောတောနီးက ပြောဆိုသည်။
စစ်တပ်အနေဖြင့် မူးယစ်ဆေးဝါးနှင့် ကျားဖြန့်ဂိုဏ်းကိစ္စများတွင် တိုင်းရင်း သားလက်နက် ကိုင်အဖွဲ့များ ပါဝင်နေသည်ဟု စွပ်စွဲနေခြင်းမှာ နိုင်ငံရေးအရ သိက္ခာချနေခြင်းဖြစ် ကြောင်း ၊ KNU ကိုလည်း စစ်တပ်က နိုင်ငံရေးအရ တိုက်ခိုက်လျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။
“အဲ့ဒီမူးယစ်ဆေးဝါးတွေဟာ ကျွန်တော်တို့ဟို တော်လှန်ရေးသက်တမ်းတစ် လျှောက်လုံးမှာ ကျွန်တော်တို့ ဆန့်ကျင်လာခဲ့တဲ့အရာတွေဖြစ်တယ်။ ပြင်း ပြင်းထန်ထန်လည်း ကျွန်တော်တို့ လုပ်ဆောင်လာခဲ့တဲ့အရာ၊ အထူးသဖြင့်ဆန့်ကျင်ရေးဘက်မှာ ကျွန်တော်တို့ လုံးဝခွင့်ပြုလို့ မရတဲ့ဟာတွေဖြစ်တယ်။ အဲဒါကြောင့်မလို့ ကျွန်တော်တို့ရဲ့တော်လှန်ရေးသမိုင်းတစ်လျှောက်မှာလည်း အများကြီးလေ့လာလို့ ရပါတယ်၊ ဟို ဒီမှတ်တမ်းမှတ်ရာတွေအရရောပေါ့နော်။ ကျွန်တော်တို့ ဘယ်လောက် ဘယ်လိုရှင်သန်ရပ်တည်ခဲ့သလဲဆိုတာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ရှင်သန်ရပ်တည်ရတယ်ဆိုတာ အင်မတန်က ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကို သက်သက်မဲ့ဖျက်ဆီးတာပဲဖြစ်တယ်။ အဲ့ဒါကြောင့်မလို့ ဒါတွေကလုံးဝကျွန်တော်တို့ဟို လက်မခံနိုင်ဘူး” ဟု ပဒိုစောတောနီးက ရှင်းလင်းပြောဆိုသည်။