■ OWIC ကတ်ကိုင်ဆောင်ထားသူများ ပြည်ပသို့ ပြန်ထွက်မည်ဆိုပါက အလုပ်သမားဦးစီးဌာနသို့ လိုအပ်သည့်စာရွက်စာတမ်းများကို စာတိုက်၊ အမြန်ချောပို့၊ လူကိုယ်တိုင်(သို့မဟုတ်) ကိုယ်စားလှယ် စသည့်နည်းလမ်းများဖြင့် ပေးပို့ရမည်ဖြစ်ပြီး ခွင့်ပြုချက်ရမှ ပြန်လည်ထွက်ခွာရမည်


OWIC ကတ်ကိုင်ဆောင်ထားသူများ ပြည်ပသို့ ပြန်ထွက်မည်ဆိုပါက အလုပ်သမားဦးစီးဌာနသို့ လိုအပ်သည့်စာရွက်စာတမ်းများကို စာတိုက်၊ အမြန်ချောပို့၊ လူကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလှယ် စသည့်နည်းလမ်းများဖြင့် ပေးပို့ရမည်ဖြစ်ပြီး ခွင့်ပြုချက်ရမှ ပြန်လည်ထွက်ခွာရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်သည်။
ဇန်နဝါရီ ၁၄ ရက်မှ စတင်ကာ အလုပ်သမားညွန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပသို့ ပြန်လည်ထွက်ခွာရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ ထွက်ခွာမည့် မိမိအစီအစဉ် ကျွမ်းကျင် မြန်မာလုပ်သားများအား အသိပေးခြင်းကြေညာချက်ကို ၂၀၂၅ ခုနှစ် မတ် ၂၈ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင်လည်းကောင်း၊ အေဂျင်စီအစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့်ဖြစ်စေ နိုင်ငံအလိုက်စေလွှတ်ရေးလုပ်ငန်းစဉ် SOP များကို ၂၀၂၅ ခုနှစ် မတ် ၂၂ ရက်မှ မတ် ၂၈ ရက်အထိ နိုင်ငံပိုင်သတင်းစာများတွင်လည်းကောင်း၊ ဝန်ကြီးဌာန၏ Facebook Page၊ Safe Migration Facebook Page နှင့် Safe Migration တယ်လီဂရမ်ချန်နယ်တို့တွင် လည်းကောင်း၊ အများပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပေးကြေညာချက်တွင် ပြည်ပထွက်ခွာ ခွင့်နှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ အနည်းဆုံးရုံးပိတ်ရက် (မပါ) ၅ ရက် ကြိုတင်၍ လျှောက်ထားရမည်ဟု ဖော်ပြထားပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။
အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ပေးပို့လာသည့် စာရင်းများအရ မိမိအစီအစဉ်ဖြင့် ခွင့်ပြန် OWIC လက်ဝယ်ရှိပြီးသူများသည် ကြေညာချက်များကို လိုက်နာခြင်းမရှိသည့်အပြင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြခြင်းမရှိဘဲ ပြည်ပသို့ ထွက်ခွာနေကြောင်း စိစစ်တွေ့ရှိရသည်ဟု အလုပ်သမားဝန်ကြီးဌာနက ဆိုသည်။
ပြည်ပထွက်ခွာခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဝန်ကြီးဌာန၏ဝက်ဘ်ဆိုက် ဖြစ်သည့် www.mol.gov.mm၊ Safe Migration Facebook Page နှင့် Safe Migration တယ်လီဂရမ်ချန် နယ်တို့တွင် ကြေညာထားကြောင်း၊ ယင်းေကြောင့် OWIC လက်ဝယ်ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာမည်ဆိုပါက ဇန်နဝါရီ ၁၄ ရက်မှစတင်၍ သတ်မှတ်စည်းကမ်းများနှင့်အညီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပသို့ပြန်လည်ထွက်ခွာရန် လိုအပ်ကြောင်း ထပ်မံအသိပေးကြေညာအပ်သည်ဟု အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။
OWIC ကတ် လက်ဝယ်ကိုင်ဆောင်သူများ ပြည်ပသို့ ထွက်ခွာမည့်သူများ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များမှာ ပြည်ပထွက်ခွာခွင့်အား စာတိုက်၊ အမြန်ချော၊ ကိုယ်စားလှယ် (သို့မဟုတ်) လူကိုယ်တိုင် စသည့် နည်းလမ်းများဖြင့် အလုပ်သမားညွန်ကြားရေးဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့လျှောက်ထားရာတွင် အလုပ်သမားညွန်ကြားရေးဦးစီးဌာနသို့လိပ်မူ၍ ပြည်ပထွက်ခွာခွင့်ပြုရန် လျှောက်ထားသည့် စာ၊ နိုင်ငံကူးလက်မှတ်မိတ္တူ၊ OWIC ကတ် ရှေ့နောက်မိတ္တူ၊ သက်ဆိုင်ရာနိုင်ငံ၏ ပြည်ဝင်ခွင့်ဗီဇာ (သို့မဟုတ်) နေထိုင်ခွင့်ဗီဇာ၊ (သို့မဟုတ်) သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ်၊ လေယာဉ်လက်မှတ်မိတ္တူ အစရှိသည်တို့ကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
အလုပ်သမားညွန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရရှိမှသာ ပြည်ပထွက်ခွာခွင့်ပြုမည်ဖြစ်ပြီး ပြည်ပထွက်ခွာခွင့်ပြုသည့်စာရင်းများကို Safe Migration တယ်လီဂရမ်ချန်နယ်တွင် ကြေညာပေးခြင်း၊ ဦးစီးဌာနမှ ခွင့်ပြုသည့်နေ့ရက်တွင် မဖြစ်မနေထွက်ခွာရန် လိုအပ်ပြီး ခွင့်ပြုသည့်နေ့ရက်တွင် ထွက်ခွာနိုင်ခြင်းမရှိပါက လုပ်ငန်းစဉ်များအတိုင်း ပြန်လည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါလုပ်ငန်းစဉ်ကို ဇန်နဝါရီ ၁၁ ရက်တွင် အလုပ်သမားဝန်ကြီးဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင် တင်ရှိခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းစဉ်အတိုင်း ခွင့်ပြုချက်ရယူခြင်းမရှိသူများမှာ လေဆိပ်မှ လှည့်ပြန်လာရသည့် ဖြစ်စဉ်များဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခင်က ပြည်တွင်းသို့ ခွင့်ဖြင့်ပြန်လာသည့် အလုပ်သမားများမှာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ အီးမေးလ်ဖြင့် ကြိုတင်ပေးပို့ခဲ့ပြီး ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီ ၁၁ ရက်တွင် လုပ်ငန်းစဉ်ကြေညာချက်ထွက် ပေါ်လာအပြီးတွင် လေဆိပ်မှပြန်လှည့်လာရကြောင်း လူမှုကွန်ရက်တွင် ရေးသားချက်များအရ သိရသည်။