အမေရိကန်တွင် မြန်မာနိုင်ငံသားများအတွက် ယာယီခိုလှုံနေထိုင်ခွင့် (TPS) ပြန်လည်ပေးအပ်ရန် ဥပဒေမူကြမ်းတစ်ရပ်ကို ဒီမိုကရက်နှင့်ရီပတ်ဘလစ်ကန်ပါတီမှ လွှတ်တော်အမတ် ၆ ဦးက တင်သွင်း၊ မြန်မာနိုင်ငံသားများအတွက် TPS ပယ်ဖျက်မှု အမေရိကန်သမ္မတထရမ့်၏ မှားယွင်းသော ဆုံးဖြတ်ချက်အဖြစ် ထောက်ပြ
ရန်ကုန်၊ ဇန်နဝါရီ ၁၃






အမေရိကန်နိုင်ငံတွင် မြန်မာနိုင်ငံသားများကို ယာယီခိုလှုံခွင့် (TPS) ပြန်လည်ပေးအပ်ရန်အတွက် ဥပဒေမူကြမ်းတစ်ရပ်ကို ဒီမိုကရက်နှင့်ရီပတ်ဘလစ်ကန်ပါတီမှ လွှတ်တော်အမတ် ၆ ဦးက တင်သွင်းလိုက်ကြောင်း အဆိုပါ လွှတ်တော်အမတ်များက တရားဝင် ထုတ်ပြန်ကြေညာသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် လွှတ်တော်မြန်မာ့ရေးရာကော်ကပ်စ် (Burma Caucus) ၏ ပူးတွဲဥက္ကဋ္ဌဖြစ်သူ လွှတ်တော်အမတ် Bill Huizenga (ရီပတ်ဘလီကန်-မီချီဂန်) က မြန်မာနိုင်ငံသားများကို အမေရိကန်တွင် ယာယီ နေထိုင်ခွင့် (Temporary Protected Status – TPS) ပြန်လည်ပေးအပ်ရန် ဥပဒေမူကြမ်းကို အခြားဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန်အမတ်များနှင့်အတူ တင်သွင်းလိုက်ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ထရမ့်က ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံသားများအတွက် အမေရိကန်တွင် ယာယီနေထိုင်ခွင့်- TPS ကို ရုပ်သိမ်းကြောင်း ကြေညာခဲ့ပြီးနောက် လွှတ်တော်အမတ်များက အမေရိကန်ရောက် မြန်မာနိုင်ငံသားများထံသို့ TPS ပြန်လည်ပေးအပ်ရန် ဥပဒေကြမ်းတင်သွင်း လာခြင်းလည်းဖြစ်သည်။
“မြန်မာနိုင်ငံသားတွေအတွက် TPS ကို ရပ်စဲလိုက်တဲ့ ပြည်ထဲရေးလုံခြုံရေးဌာနရဲ့ ဆုံးဖြတ်ချက်ဟာ မြေပြင်က တကယ့်အခြေ အနေမှန်ကို လွဲမှားစွာ အဓိပ္ပာယ်ကောက်ယူထားတာ ဖြစ်ပါတယ်။ မကြာသေးခင်က စစ်ကောင်စီလုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲဆိုတာဟာ ကြိုတင်စီစဉ်ထားတဲ့ ပြဇာတ်တစ်ခုထက် ဘာမှမပိုပါဘူး။ စစ်ကောင်စီဟာ သူတို့ကို သဘောမတူတဲ့ အပြစ်မဲ့ မြန်မာပြည်သူတွေကို သတ်ဖြတ်နေသရွေ့တော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတဲ့ စံနှုန်းကို ဘယ်လိုမှ မမီနိုင်ဘူးဆိုတာ အမေရိကန်က အသိအမှတ်ပြုရပါမယ်။ အမေရိကန်မှာ တရားဝင် ခိုလှုံနေတဲ့ မြန်မာပြည်သူတွေကို ပြည်တွင်း စစ်ဖြစ်နေတဲ့ နေရာဆီ ပြန်ခိုင်းတာဟာ TPS ရဲ့ ရည်ရွယ်ချက်နဲ့ လုံးဝဆန့် ကျင်နေပါတယ်။ မြန်မာ့ရေးရာကော်ကပ်စ်ရဲ့ ပူးတွဲဥက္ကဋ္ဌတစ်ဦးအနေနဲ့ ဒီဥပဒေမူကြမ်းကို ဦးဆောင်ရတာ ဂုဏ်ယူသလို၊ ထရန့်အစိုးရအနေနဲ့ သူတို့ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ တောင်းဆိုပါတယ်” ဟု လွှတ်တော်အမတ် Bill Huizenga က ပြောကြားခဲ့သည်။
အဆိုပါဥပဒေမူကြမ်းကို အမေရိကန် လွှတ်တော်အမတ်များဖြစ်ကြသော Ami Bera (ဒီမိုကရက်-ကယ်လီဖိုးနီးယား)၊ Sydney Kamlager-Dove (ဒီမိုကရက်-ကယ်လီဖိုးနီးယား)၊ Gregory Meeks (ဒီမိုကရက်-နယူးယောက်)၊ Betty McCollum (ဒီမိုကရက်-မင်နီဆိုးတား) နှင့် Tim Kennedy (ဒီမိုကရက်-နယူးယောက်) တို့က ပူးတွဲတင်သွင်းခဲ့ကြခြင်းဖြစ်သည်။
“မြန်မာနိုင်ငံသားတွေအတွက် TPS သက်တမ်းတိုးပေးတာဟာ အခြေခံလူသားချင်းစာနာမှုနဲ့ ဆင်ခြင် တုံတရားအရ လုပ်သင့်တဲ့ကိစ္စပါ။ မြန်မာပြည်က အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာသူ ထောင်ပေါင်းများစွာဟာ အမေရိကန်မှာ ခိုလှုံနေကြပါတယ်။ သူတို့ဟာ မိသားစုတွေထူထောင်၊ ကျွန်တော်တို့ရဲ့ စီးပွားရေးကို အထောက်အကူပြုပြီး လူမှုအသိုင်းအဝိုင်းကို ခိုင်မာအောင် လုပ်ပေးနေကြတာပါ။ စစ်ပွဲတွေနဲ့ မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ တိုင်းပြည်ကို သူတို့ကို အတင်းပြန်ခိုင်းတာဟာ သူတို့အသက်ကို အန္တရာယ်ဖြစ်စေမှာပါ။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေ ပြန်မရမချင်း ခိုလှုံနေသူတွေကို ဆက်လက်နေထိုင်ခွင့်ပြုခြင်းအားဖြင့် အမေရိကန်ဟာ မြန်မာပြည်သူတွေဘက်က ဆက်ရပ်တည်ရပါမယ်” ဟု ဟု အမတ် Ami Bera က ပြောသည်။
နိုင်ငံခြားရေးရာကော်မတီမှ အမတ် Gregory Meeks ကလည်း “စစ်တပ်က လူတွေကို သတ်ဖြတ်နေတုန်းမှာ အမေရိကန်ရောက် မြန်မာတွေကို မြန်မာပြည်ပြန်ပို့တာဟာ လူမဆန်တဲ့ လုပ်ရပ်ပါ။ အစိုးရက TPS ရပ်စဲတဲ့ အကြောင်းပြချက်ဟာ အရှိတရားနဲ့ မကိုက်ညီပါဘူး။ မြန်မာပြည်ဟာ မလုံခြုံပါဘူး။ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အကျဉ်းချခံရတာ၊ နှိပ်စက်ခံရတာနဲ့ သေဒဏ်တွေဆီ ပြန်မပို့မိဖို့အတွက် လွှတ်တော်က ကြားဝင်ရမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
အမေရိကန်ရောက် မြန်မာများကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းမှာ သေဒဏ်ပေးသကဲ့သို့ ဖြစ်နေကြောင်း လွှတ်တော်အမတ် Sydney Kamlager-Dove က ပြောဆိုသည်။
“မြန်မာနိုင်ငံသားတွေအတွက် TPS ရပ်စဲတဲ့ အစိုးရရဲ့ ဆုံး ဖြတ်ချက်ဟာ လက်ရှိဖြစ်ပွားနေတဲ့ လက် နက်ကိုင်ပဋိပက္ခနဲ့ မျိုးတုံးသတ်ဖြတ်မှုတွေဆီ အတင်းအဓမ္မ ပြန်ပို့ခံရမယ့်သူတွေအတွက် သေဒဏ်ပေးလိုက်သလိုပါပဲ။ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာသူတွေကို ကာကွယ်ပေးဖို့ အမေရိကန်မှာ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ရှိပါတယ်။ အဲဒီတာဝန်ကြောင့်ပဲ TPS အစီအစဉ်ကို ဖန်တီးခဲ့တာပါ။ မြန်မာနိုင်ငံအတွက် TPS ပြန်လည်ရရှိဖို့ ဒီအရေးကြီးတဲ့ ဥပဒေမူကြမ်းမှာ အမတ် Huizenga နဲ့အတူ ပါဝင်ရတာ ဂုဏ်ယူပါတယ်” ဟု ၎င်း ဆိုသည်။
မြန်မာ့ရေးရာကော်ကပ်စ် ပူးတွဲဥက္ကဋ္ဌ Betty McCollum ကမူ “ဒုတိယကမ္ဘာစစ်ပြီးကတည်းက မြန်မာပြည်သူတွေဟာ ပြည်တွင်းစစ်ကြောင့် ဖြစ်လာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို ခံစားခဲ့ရပါတယ်။ မြန်မာနိုင်ငံသား သိန်းချီဟာ အမေရိကန်မှာ လုံခြုံတဲ့ခိုလှုံရာကို ရှာဖွေခဲ့ကြပြီး စီးပွားရေးတွေထူထောင်၊ မိသားစုတွေတည်ဆောက်ကာ ကျွန်မတို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာခဲ့ကြပါတယ်။ TPS ကို ရပ်စဲတာဟာ ဒီလူတွေကို အကြီးအကျယ် အန္တရာယ်ဖြစ်စေပါတယ်။ အခု နှစ်ပါတီပူးပေါင်းတင်သွင်းတဲ့ ဥပဒေမူကြမ်းက ဒီအမှားကို ပြင်ဆင်ပြီး မြန်မာနိုင်ငံကို TPS ပြန်သတ်မှတ်ပေးမှာ ဖြစ်လို့ သူတို့တွေ အမေရိကန်မှာ ဘေးကင်းလုံခြုံစွာ ဆက်နေနိုင်မှာဖြစ်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
လွှတ်တော်အမတ် Tim Kennedy ကလည်း “မြန်မာအိမ်နီးချင်းတွေဆီက TPS ကို ရုပ်သိမ်းပြီး စစ်ဖြစ်နေတဲ့ တိုင်းပြည်ကို ပြန်ပို့တာဟာ သူတို့ကြောင့် တိုးတက်လာတဲ့ လူမှုဝန်းကျင်၊ လုပ်ငန်းခွင်နဲ့ စီးပွား ရေးတွေကို ဆုံးရှုံးစေသလို ကျွန်တော်တို့ရဲ့ တန်ဖိုးထားမှုတွေကိုလည်း သစ္စာဖောက်ရာ ရောက်ပါတယ်။ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး မှန်ကန်တဲ့အလုပ်ကို လုပ်ဖို့အတွက် ဒီဥပဒေမူကြမ်းမှာ ပါဝင်ရတာ ဂုဏ်ယူပါတယ်” ဟု ဆိုသည်။
အမေရိကန်တွင် ယာယီခိုလှုံခွင့် (TPS) ကို ၁၉၉၀ ခုနှစ်တွင် လွှတ်တော်က စတင်ဖန်တီးခဲ့ခြင်းဖြစ်ပြီး လက်ရှိဥပဒေအရ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေး အန္တရာယ် ဖြစ်ပွားခြင်း၊ သို့မဟုတ် မိမိနိုင်ငံသို့ ဘေးကင်းစွာ မပြန်နိုင်သည့် ထူးခြားပြီး ယာယီဖြစ်သော အခြေအနေများ ရှိနေလျှင် အဆိုပါ နိုင်ငံသားများကို TPS ဖြင့် ယာယီနေထိုင်ခွင့်ပြုနိုင်ကြောင်း သိရှိရသည်။