ထားဝယ်၊ မုံရွာနှင့် ရမည်းသင်း မြို့နယ်တို့တွင် စစ်တပ်က စစ်မှုထမ် အပတ်စဉ် ၂၁ အတွက် လူငယ် ၂၀၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်
ရန်ကုန်၊ ဇန်နဝါရီ ၁၂
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၁၀၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၅ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ထားဝယ်မြို့ပေါ် ရပ်ကွက်များနှင့် လောင်းလုံး-ထားဝယ် မြို့နယ် အစပ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးရာတွင် နေအိမ်ထဲထိပါ ဝင်ရောက် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များကို အကြမ်းဖက် စစ်တပ်က ငွေကြေးဖြင့် ပြန်လည် ထုတ်ယူခွင့်မပေးတော့ဘဲ နေ့စဉ် ရေလမ်းကြောင်းဖြင့် ရေဖြူမြို့နယ်ရှိ စစ်သင်တန်းကျောင်းကို ပို့ဆောင်နေကာ မိသားစုဝင်များနှင့်လည်း အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရှိရသည်။
“အရင်က စစ်ခွေးတွေ ပေါ်တာဆွဲရင် တစ်ယောက်ကို ဘယ်လောက်ဆိုပြီး ပြန်ထုတ်လို့ရတယ်။ အခုက ဘယ်ကိုဖမ်းသွားမှန်းလည်း မသိဘူး။ လိုက်ထုတ်လို့လည်းမရ ရေဖြူက စစ်သင်တန်းကျောင်းကို တစ်ခါတည်းပို့ဆောင်တယ်လို့ သိရတယ်။ လူငယ်တွေ အကုန်လုံးနဲ့လည်း အဆက်အသွယ်မရဘူး။ ထားဝယ်မြို့ပေါ်မှာ ဖမ်းတာက တော်တော်ကိုဆိုးတယ်။ အိမ်ထဲထိပါ ဝင်ဖမ်းခံရတဲ့ သူတွေရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က အိမ်စီးကားများဖြင့် အလုပ်သွား အလုပ်ပြန်လာသည့် လူငယ် ၆၀ ကျော်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်ခဲ့ကြောင်း ဒေသပြည်သူများ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ မုံရွာမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က အိမ်စီးကားများဖြင့် အလုပ်သွား အလုပ်ပြန်လာသည့် လူငယ် ၆၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူများသည် အသက် ၂၅ နှစ်အရွယ်မှ ၃၅နှစ်အရွယ် လူငယ်များဖြစ်ပြီး အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို ပို့ဆောင်လိုက်ကြောင်းသိရှိရသည်။
“စစ်ခွေးတွေ ၃ ရက်ဆက်တိုက် ပေါ်တာဆွဲဖမ်းတယ်။ အဲဒီနေ့ ၃ ရက်ဆက်တိုက်ကို နံနက်ပိုင်းရော ညနေပိုင်းရောဆွဲတယ်။ စစ်ခွေးတွေက ညနေပိုင်းကို အဓိက ထားပြီး လူငယ်တွေကို ပေါ်တာဆွဲတယ်။ မြို့နဲ့အနီးနေရာအနှံ့၊ ပြည်ထောင်စုလမ်း သာစည်လမ်း ပေ၈၀လမ်းအားပြုဆွဲတာတယ်။ ပေါ်တာဆွဲတဲ့ လူငယ်တွေကို မိသားစုနှင့် တွေ့ခွင်မပေးဘူး။ မိသားစု ပိုက်ဆံနှင့် ရွှေးမယ်ဆိုရင်တောင် စစ်ခွေးက အရွှေးမခံဘူး။ လက်ရှိမှာ စစ်ခွေးတွေ ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ် ၆၀ကျော်ကို အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို တစ်ခါတည်း ပို့ဆောင်တယ်လို့ သိရတယ်”ဟု ဒေသပြည်သူများ က ပြောဆိုသည်။
ထို့ပြင် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင်လည်း ဇန်နဝါရီလပိုင်းအတွင်း အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း အပတ်စဉ် ၂၁ အတွက် လူငယ် ၃၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးထားသူများကို စစ်သင်တန်းကျောင်းများသို့ တိုက်ရိုက်ပို့ဆောင်ပြီး မိသားစုဝင်များနှင့်လည်း အဆက်အသွယ် ပြတ်တောက်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။