◼️ပဲခူးတိုင်း မြို့နယ် ၄ ခုမှာ ရွေးကောက်ပွဲနေ့တိုက်ခိုက်မှု ခရိုင်ဒုညွှန်မှူးအပါ စကစအများအပြားသေဆုံး
၁၁ ဇန်နဝါရီ ||| နွေဦးအသံ |||



ပဲခူးတိုင်း၊ မြို့နယ် ၄ ခုမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂိတ်စခန်း၊ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ ရွေးကောက်ပွဲ လုံခြုံရေးယူပေးတဲ့ တပ်ဖွဲ့တွေကို PDF ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၁၁ ရက်မှာ တိုက်ခိုက်ခဲ့ရာ ခရိုင်ဒုညွှန်မှူး တဦးအပါအဝင် စကစတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖြူးမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ ဆာဂွန်းဂိတ်အထိုင်စခန်းကို ဇန်နဝါရီ ၁၁ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုသေဆုံးမှုများခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထန်းတပင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖော်ဆောင်တဲ့ အထွေထွေအုပ်ချုပ်ရေးရုံးကိုလည်း ဇန်နဝါရီ ၁၁ ရက်မှာ တိုက်ခိုက်ခဲ့ရာ အစည်းအဝေးပြုလုပ်နေတဲ့ စစ်ကောင်စီလက်ပါးစေ ခရိုင်ဒုညွှန်ကြားရေးမှူး ၁ ဦးသေဆုံးပြီး အခြားဌာနဆိုင်ရာဝန်ထမ်း အများအပြားထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထန်းတပင်မြို့နယ်ရဲစခန်းကိုလည်း ဆက်လက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ဗိုလ်မှူး ၁ ဦး အပါအဝင် တပ်ဖွဲ့ဝင်(၃)ဦးခန့် ထိခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မင်းလှမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဇန်နဝါရီ ၁၁ ရက်၊ မနက်ပိုင်းတွင် ဟန့်တားဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အပြင် ပေါင်းတည်မြို့နယ်၊ ပေါက်တောရွာရှိ ခမရ(၁၀)တပ်ရင်းကိုလည်း တရက်တည်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါစစ်ဆင်ရေးကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၅၀၂) တပ်ရင်း၊ ဒရုန်းအဖွဲ့၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ(၄)၊ ဗျူဟာ(၂၁) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၆၀၁) တပ်ရင်း၊ အမှတ်(၃) ဧရာဝတီတပ်ရင်း၊ ဖြူးမြို့နယ်ပကဖ၊ မင်းလှမြို့နယ်ပကဖ တို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနနယ်မြေအတွင်း စစ်ရေးအခြေအနေတွေ တင်းမာလျက်ရှိနေပြီး ပြည်သူတွေအနေနဲ့ စစ်တပ်စခန်းများ အနီးဝန်းကျင်သို့ မလိုအပ်ဘဲ သွားရောက်တာတွေမပြုကြဖို့ အသိပေးကြောင်း ပဲခူးခရိုင်စစ်ဌာနက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
©The Voice of Spring