စစ်တွေ ဒကစ ကာကင်းစခန်း၂ခု AAသိမ်းပိုက်၊ သုံ့ပန်းတွေဖမ်းမိ

စစ်တွေ ဒကစ ကာကင်းစခန်း၂ခု AAသိမ်းပိုက်၊ သုံ့ပန်းတွေဖမ်းမိ
ဇန်နဝါရီ-၉၊၂၀၂၆။အိမ်သွင်/People’s Spring
ရခိုင်ပြည်နယ် စစ်တွေနဲ့ကျောက်ဖြူမြို့မှာ စစ်ရေးအရှိန်မြှင့်လိုက်တဲ့ အာရက္ခတပ်တော် (AA)က စစ်တွေမြို့က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ရဲ့ ကာကင်စခန်း ၂ခုကို သိမ်းယူလိုက်ပြီး သုံ့ပန်း ၄၀ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ စုံစမ်းသိရပါတယ်။
“တော်ကန်နဲ့ ဂန့်ဂေါ်ကျွန်းနားက ကာကင်းနှစ်ခုကိုရတာပါ။ တိုက်နေတာက ဇန်နဝါရီလဆန်းကတည်းကပဲ။ သူတို့တွေ(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) ထွက်ပြေးသွားတာ။ ဒဏ်ရာတွေနဲ့ကျန်ခဲ့တဲ့သူတွေကို ဖမ်းမိတာ” လို့ ရခိုင်ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တွေမြို့ဟာ စစ်ကောင်စီ ခြေကုတ်ယူထားတဲ့ အဓိကမြို့ဖြစ်ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)အပြင် ရဲတပ်ရင်း(၁၂)မှာလည်း အခိုင်အမာတပ်စွဲထားပါတယ်။
စစ်တွေမြို့ပတ်ဝန်းကျင်က ကျေးရွာတွေမှာနေတဲ့ဒေသခံတွေကို စစ်တပ်က ဖယ်ရှားခိုင်းထားပြီး ပင်လယ်ထွက်ပေါက်ကိုလည်း ပိတ်ထားပါတယ်။
ဒီဇင်ဘာလနှောင်းပိုင်းကစပြီး တိုက်ပွဲတွေပြင်းထန်လာပြီး ဇန်နဝါရီလဆန်းပိုင်းမှာတော့ အနီးကပ်တိုက်ပွဲဖြစ်ပွားတဲ့အသံတွေကို စစ်တွေမြို့ပေါ်‌ကနေ ကြားရတဲ့အထိတိုက်ပွဲပြင်းထန်လာတာဖြစ်ပါတယ်။
” မြို့အထိမနာအောင် စစ်ရေးဗျူဟာကို သေချာလေးပြင်ဆင်ပြီး ကိုင်တွယ်နေရတဲ့သဘောရှိတယ်။ သိမ်းနိုင်မှာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ AAနဲ့ စစ်ကောင်စီတပ်တွေဟာ ခိုင်ပြည်နယ်ကစစ်တွေနဲ့ကျောက်ဖြူမြို့၊ မကွေး၊ ပဲခူးနဲ့ဧရာဝတီတိုင်းထဲက ရခိုင်ပြည်နယ်နဲ့ နယ်စပ်ဒေသ ၃ခုမှာ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ်ထဲက ဓညဝတီရေတပ်စခန်းနဲ့ အမှတ်(၃၂)ရဲတပ်ရင်းအနီးက ကာကင်းစခန်းတွေအနီးမှာ ထိပ်တိုက်ရင်ဆိုင်တိုင်ပွဲတွေဖြစ်နေပြီး အဲဒီစစ်ရေးပစ်မှတ်နှစ်ခုကိုပစ်မှတ်ထားပြီး AAက လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ သတင်းရရှိပါတယ်။
ယခုရက်ပိုင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး AAက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
စစ်ရေးအချက်အချာကျသော အထက်ပါ ဒေသ(၅)ခုမှာ အပြန်အလှန်ထိုးစစ်တွေနဲ့ နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ AAက ပြီးခဲ့တဲ့၂၀၂၅ အောက်တိုဘာမှာ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
AAဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူရခိုင်ပြည်နယ်မှာ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့တွေကလွဲပြီး ကျန်မြို့တွေကို သိမ်းယူထားပါတယ်။ တစ်ပြည်နယ်လုံးကိုထိန်းချုပ်နိုင်တဲ့အထိ ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ AAက သတင်းထုတ်ပြန်ထားပါတယ်။
(ရခိုင်ပြည်နယ်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီကနေ သိမ်းမိတဲ့လက်နက်ကြီးနဲ့ အတူ မြင်တွေ့ရတဲ့ AAတပ်ဖွဲ့ဝင်တွေ။ ဓာတ်ပုံ – AA)