နေပြည်တော်နဲ့ မိုင် ၁၀၀ကျော်သာဝေးတဲ့ တောကျွဲအင်းမြို့ အခြေအနေ

နေပြည်တော်နဲ့ မိုင် ၁၀၀ကျော်သာဝေးတဲ့ တောကျွဲအင်းမြို့ အခြေအနေ
…………

ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးမှာရှိတဲ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့က ရဲစခန်းနဲ့ တပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့(ဇန်နဝါရီ ၉)ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး မြို့ကိုလည်း ခေတ္တထိန်းချုပ်နိုင်ခဲ့ပါတယ်။
တောကျွဲအင်း အပါအဝင် ပဲခူးတိုင်းထဲက စစ်တပ်စခန်း ၁၄ခုကို ဒီကနေ့မနက်ပိုင်းက တပြိုင်ထဲ စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ဦးထက်မနည်း သေဆုံးခဲ့သလို လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပဲခူးတိုင်းစစ်ဌာနက ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
တောကျွဲအင်းမြို့က စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တယားအဆောက်အအုံတွေ အပါအဝင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ ရဲစခန်းကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်နဲ့ နေပြည်တော်ကြားမှာတည်ရှိတဲ့ တောကျွဲအင်းမြို့ဟာ စစ်ဗိုလ်ချုပ်တွေအခြေစိုက်တဲ့ နေပြည်တော်နဲ့ ၁၁၆မိုင်ပဲ ဝေးပါတယ်။

ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ် စစ်တပ်စခန်း ၁၄ ခု ကို PDF၊ KNLA ဝင်ရောက်တိုက်ခိုက်
—————————————
ပဲခူးတိုင်း တောကျွဲအင်းမြို့(အောင်မြင်မြို့) အပါအဝင် ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်တပ် အခြေစိုက်စခန်း ၁၄ ခုတို့ကို ယနေ့ နံနက်တွင် တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တောကျွဲအင်းမြို့ရှိ စစ်ကော်မရှင်အဆောက်အအုံများ၊ ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရဲစခန်းတို့ကို မီးရှို့ခဲ့ကြောင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနက ညနေပိုင်းတွင် ထုတ်ပြန်သည်။
စစ်တောင်းမြစ်ဝှမ်းဒေသ “ အောင်မြင်စစ်ဆင်ရေး” အဖြစ် အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက် နှင့် ကျွဲပွဲအကြား စည်ပင်သာကျေးရွာတွင် တပ်စွဲထားသည့် ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ် သာယာကုန်းမြို့၊ မီးရထားလမ်းတံတားကင်းစခန်းအပါအဝင် စခန်း ၁၄ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ဆယ်နှင့်ချီ သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်း အမြောက်အများကိုသိမ်းဆည်းရ ရှိခဲ့သည်ဟု ဆိုသည်။ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တောကျွဲအင်းမြို့ (အောင်မြင်မြို့)ပေါ်ရှိ စစ်ကော်မရှင် အုပ်ချုပ်ရေးအဆောက်အအုံများ၊ ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် နယ်မြေရဲစခန်းတို့ကို မီးရှို့ရှင်းလင်းခဲ့ကြောင်း၊ တောကျွဲအင်းမြို့ နယ်မြေရဲစခန်းတွင် ချုပ်နှောင်ထားသော ပြည်သူ ရှစ်ဦးကို စီစစ်လွှတ်ပေးခဲ့ကြောင်း သိရသည်။
တောကျွဲအင်းအနီး စစ်ဆင်ရေးကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၅၀၂) တပ်ရင်း၊ ဗျူဟာ(၂၄) ကွပ်ကဲမှုအောက်ရှိ အာဠာဝက တပ်ရင်း၊ ဒေါင်းဖြူတပ်ရင်း၊ နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၂) တပ်ရင်း၊ အထူး ကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ(၂၆) ပူးပေါင်းတပ်ဖွဲ့ နှင့် အုတ်တွင်း မြို့နယ်ပကဖ၊ ဖြူးမြို့နယ်ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်းတံတားတွင် အထိုင်ချတပ်စွဲထား သည့် စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုတွင် KNLA တပ်ရင်း(၉) မှ ပူးပေါင်းစစ်ဆင်ရေးအနေဖြင့် ပါဝင်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းအတွင်း စစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါသောကြောင့် စစ်ရေးသတိဖြင့် နေထိုင်သွားလာကြပါရန် အမှတ်(၂) စစ်ဆင်ရေးနယ်မြေက အသိပေးထားသည်။
စစ်တပ်ဝါဒဖြန့် မီဒီယာတစ်ခုတွင် ပဲခူးတိုင်း တောကျွဲအင်းမြို့နှင့်အနီးဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားနေတဲ့အတွက် ယနေ့ မွန်းတည့် ၁၂ နာရီတွင် ထွက်ခွာမည့် အမှတ်(၈)အစုန် နေပြည်တော်-ရန်ကုန် DEMU ရထားခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့တွင်လည်း ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်း၊ ဇီးကုန်း၊ မင်းလှမြို့နယ် တို့ရှိ စစ်တပ်ဂိတ်စခန်း သုံးခုကို ဒေသ အခြေစိုက်တော်လှန်ရေးတပ်များ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇီးကုန်းမြို့နယ်ရှိ ပျူစောထီးစခန်း တစ်ခုကိုလည်း မီးရှို့ ဖျက်ဆီးနိုင်ခဲ့သည်။
စစ်တပ်ဘက် သေဆုံးသူ ဆယ်နှင့်ချီပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိကြပြီး တော်လှန်ရေးတပ်များဘက်မှလည်း အထိအခိုက်ရှိခဲ့သည်။
ထိုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒရုန်းတပ်ဖွဲ့များနှင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) က ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ပဲခူးတိုင်းအတွင်း အာရက္ခတပ်တော် (AA) နှင့် အမ်း-ပဒါန်းလမ်းတွင် လှုပ်ရှားသော AA မဟာမိတ် ကျောင်းသားတပ်များ၊ အရှိုချင်းတပ်များ ၏ စစ်ရေးလှုပ်ရှားမှုအပါအဝင် အရှေ့ခြမ်းနှင့်အနောက်ခြမ်းရှိ PDF စစ်ရေးလှုပ်ရှားမှုများသည် အချိန်ကိုက်ပေါ်ပေါက်လာပြီး ဒေသတစ်ခုလုံး စစ်ရေး ပြင်းထန်နေသည်။
ဓာတ်ပုံ- အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ Ko Hein (နဂါးနီတပ်ရင်း) Screengrab)