တီးတိန်မြို့ကို ချင်းတော်လှန်ရေးမဟာမိတ်တပ်များက ယခုနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက်မည်

တီးတိန်မြို့ကို ချင်းတော်လှန်ရေးမဟာမိတ်တပ်များက ယခုနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက်မည်
ရန်ကုန်၊ ဇန်နဝါရီ ၉
ချင်းပြည်နယ်၊ တီးတိန်မြို့ကို ချင်းတော်လှန်ရေးမဟာမိတ်တပ်များက ယခုနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက်မည်ဖြစ်ကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော PDF Zolan မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခု၂၀၂၆ ခုနှစ်အတွင်း တီးတိန်မြို့ကို ချင်းတော်လှန်ရေးတပ်များက အပြီးသတ်သိမ်းပိုက်နိုင်ရန် တိုက်ပွဲများ ဖော်ဆောင်သွားမည်ဖြစ်ပြီး စစ်ကော်မရှင်လက်အောက်ခံ တပ်သားများ အနေဖြင့် အချိန်မီ လက်နက်ချအလင်းဝင်ကြရန် PDF Zolan က တိုက်တွန်းသည်။
“၂၀၂၆ ခုနှစ်အတွင်း တီးတိန်မြို့သိမ်းနိုင်ရန် ဆက်လက်ဖော်ဆောင်သွားမယ်ဆိုပြီး ICCN ဥက္ကဌ CB ၁၆ ပြောသလိုပေါ့။ အဲဒီ တိုက်ပွဲ မဖော်ဆောင်ခင်စကမတွေအနေနဲ့ ပြည်သူနဲ့ ပူးပေါင်းဖို့ ကျနော်တိုက် တွန်း ချင်ပါတယ်။ ဒါမှ မဟုတ်ဘူး၊ တိုက်ပွဲစပြီဆိုရင်တော့ ကျနော်တို့ဘက်ကညှာတာမှုရှိမှာ မဟုတ် တော့ဘူး။ အခုက သူတို့အတွက် အခွင့်အရေးရှိသေးတယ်။” ဟု PDF Zoland မှ တာဝန်ရှိသူက သတိပေးပြောဆိုသည်။
ဇန်နဝါရီလ ၄ ရက်နေ့ကလည်း စစ်ရေးအရ အရေးပါတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်ပေါ်၌ တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက် သိမ်း ပိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးပြီး ဗိုလ်မှူး ကျော်သူအပါအဝင် ၂၀ ဦးကျော်ဖမ်းမိ၊ လက်နက် ၃၀ ကျော် သိမ်းဆည်းရရှိခဲ့သည်။
စစ်ရေးအရ အရေးပါသော ကနေဒီတောင်စစ်စခန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ပထမအကြိမ်အဖြစ် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်တွင် စစ်တပ်က ပြန်လည် သိမ်းယူခဲ့သည်။ ထို့ကြောင့် ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ချင်းတော်လှန်ရေးတပ်က ယင်းကနေဒီတောင်စစ်စခန်းကို ဒုတိယအကြိမ် ပြန်လည် သိမ်းပိုက်ခဲ့သည်။