ပုလဲမြို့နယ်ထဲက ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်- BNRA စစ်ဆေးရေးဂိတ် နှစ်ခုကို NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်ခရိုင် ကွပ်ကဲရေးတပ်တွေက ဇန်နဝါရီ ၉ ရက်မှာ ဝင်စီးတယ်လို့ နှစ်ဘက် အဖွဲ့အစည်းတွေက အတည်ပြုပါတယ်။

ပုလဲမှာ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA ရဲ့ ဂိတ်နှစ်ဂိတ်ကို NUG က စီးနင်းကာ လက်နက် ၁၀ လက် သိမ်းယူ၊
တော်လှန်ရေးကို ဖြောင့်ဖြောင့်မှန်မှန် လုပ်ရင် မချေမှုန်းဘူးလို့ NUG ပအဖ ပြော၊
နန်းယု/MFP၊ ဇန်နဝါရီ – ၉

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ရှိတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA ရဲ့ ဂိတ်နှစ်ဂိတ်ကို ဇန်နဝါရီ ၉ရက် ဒီမနက်ပိုင်းမှာ ဝင်ရောက် ရှင်းလင်းခဲ့ပြီး လက်နက် ၁၀ လက်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ တာဝန်ခံ ဦးဇော်ထက်က MFP ကို အတည်ပြုပါတယ်။
NUG လက်အောက်ခံ တော်လှန်ရေးတပ်တွေ စီးနင်းကာ လက်နက်တွေ သိမ်းယူခဲ့တဲ့ BNRA ရဲ့ ဂိတ်နှစ်ဂိတ်ဟာ ပုလဲမြို့နယ် ချင်ပြစ်ရွာနဲ့ မရိုးတုန်းရွာချင်း ဆက်သွယ်တဲ့ လမ်းပေါ်ရှိ ဂိတ်တစ်ခုနဲ့ ပုပ္ပါရွာအနီး တည်ရှိတဲ့ ဂိတ်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
“ပြည်သူလူထုထံကနေ ငွေကြေးကောက်ခံနေတဲ့ တရားမဝင် ဂိတ်တွေကို ရှင်းလင်းတာပါ။ တရားမဝင် ဂိတ် နှစ်ဂိတ်က လက်နက်တွေ သိမ်းလိုက်ပါတယ်။ လူတွေကိုတော့ မဖမ်းလိုက်ပါဘူး။ နောက်နောင် ဒီလို တရားမဝင် ငွေကြေးကောက်ခံတာတွေ မလုပ်ဖို့ ပြောလိုက်ပါတယ်“ လို့ ဦးဇော်ထက်က ပြောပါတယ်။
အဲဒီ ဂိတ်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြည်သူဆီကနေ တရားမဝင်ငွေကြေး ကောက်ခံနေတာကြောင့် အခုလို ချေးမှုန်းလိုက်တာဖြစ်ကာ နောက်နောင် ဒီလို တရားမဝင် ငွေကြေး ကောက်ခံတာတွေ မလုပ်ဖို့လည်း သတိပေးထားတယ်လို့ ဦးဇော်ထက်က ပြောပါတယ်။
“နောက်ထပ်ဂိတ်တွေက ရှိပါသေးတယ်။ ခုထိတော့ ငွေကြေးကောက်တာ မရှိသေးပါဘူး။ BNRA က တော်လှန်ရေးကို ဖြောင့်ဖြောင့်မှန်မှန်လုပ်ရင် ချေမှုန်းစရာ မလိုပါဘူး”
ဒီကိစ္စနဲ့ပတ်သက်ပြီး BNRA ကို MFP က ဆက်သွယ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆင့်ဆင့် လျှို့ဝှက်ညွှန်ကြားမှုနဲ့ ယင်းမာပင်ခရိုင် ကွပ်ကဲရေး တာဝန်ခံ စွမ်းသူမောင်နှင့် ပုလဲမြို့နယ် ကာ/လုံ တာဝန်ရှိသူ သစ်ညိမ်းတို့က BNRA ကို တိုက်ခိုက်ဖို့ တပ်အင်အားတွေ ပြင်ဆင်စုစည်းနေကြောင်း သတင်းအတိအကျ (တိတိကျကျ) ရရှိထားပြီး ဖြစ်လို့ ပြည်သူတွေ စစ်ရေးသတိရှိလို့ BNRA က ဇန်နဝါရီ ၈ရက် ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
NUG အနေနဲ့ သူတို့ လက်အောက်ခံမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ယခင်ကလည်း ဖိနှိပ်တာတွေ ရှိခဲ့ဖူးသလို BNRA စခန်းတွေကိုလည်း ယခင်နှစ်တွေအတွင်းက တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ဖူးကြောင်း၊ ၂၀၂၄ ခုနှစ်မှာလည်း ခရိုင်တပ်ရင်းတွေက လက်နက်နဲ့ ဝိုင်းဝန်းပိတ်ဆို့လာခဲ့ရာမှာ NUG တပ်တွေ ပြန်ဆုတ်တဲ့အထိ ဖိအားပေး တိုက်ခိုက်နိုင်ခဲ့တယ်လို့ BNRA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“NUG အနေဖြင့် BNRA အဖွဲ့အစည်းအပေါ် လုံးဝရန်ဘက်အဖြစ် သတ်မှတ်လိုက်သည်ဟု မှတ်ယူမည်ဖြစ်ပြီး အဆုံးစွန်ထိ ရင်ဆိုင်တုန့်ပြန်သွားမည် ဖြစ်ပါသဖြင့် နီးစပ်ရာပြည်သူများ သတိထား နေထိုင်ကြပါရန် လေးစားစွာ အသိပေးထုတ်ပြန်ကြေညာအပ်ပါသည်” လို့ BNRA က ဖော်ပြပါတယ်။
BNRA အနေနဲ့ စတင်အခြေပြုဖွဲ့စည်းတဲ့ PPDF မှသည် ယနေ့တိုင် ပြည်သူအပေါ် သစ္စာရှိရှိနဲ့ ကြိုးစားလုပ်ဆောင်ခဲ့ပြီး ကြီးလေးတဲ့ အပြစ် တစုံတရာမရှိ၊ ပြည်သူကို ဖိနှိပ်အနိုင်ကျင့်တဲ့ အပြုအမူလည်း မရှိဘဲ ကောင်းမွန်စွာ ရပ်တည်လာတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် NUG ရဲ့ လုပ်ရပ်ကို လုံးဝ လက်ခံမည်မဟုတ်လို့ BNRA က ဆိုပါတယ်။
ပုလဲမြို့နယ် ပအဖ တာဝန်ခံ ကိုဇော်ထက်နဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA တပ်ဖွဲ့ လက်နက်တပ်ဆင်ပွဲ/Photo – ကိုဇော်ထက် FB၊ BNRA