Breaking News- ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ စစ်သားအလောင်းများ လမ်းပေါ်တွင် ပြန့်ကျဲနေ
ရန်ကုန်၊ ဇန်နဝါရီ ၉
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ တောကျွဲအင်းမြို့ကို တော် လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း ဒေသပြည်သူများနှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတငးဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်အချိန်မှစတင်၍ တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်စခန်းများကို ရရှိခဲ့ကြောင်း၊ တိုက်ပွဲ ပြင်းထန်လွန်းသဖြင့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရှိရသည်။
“မြို့ကို ခေတ္တ ထိန်းချုပ်ပြီး ဆောင်ရွက်စရာရှိတာဆောင်ရွက်တာပါ။ မကြာခင် သတင်းထုတ်ပြန်ပါမယ် ။ လောလောဆယ်အထိတော့ မြို့ကို ထိန်းထားဆဲပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော တောကျွဲအင်းမြို့သို့ သွားရာ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် တောကျွဲအင်းမြို့အဝင် နေရာများတွင် စစ်သား အလောင်းများရှိနေပြီး ပြန့်ကျဲနေကြောင်း ၊ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“တောကျွဲအင်းမှာ စစ်သားအလောင်းတွေ လမ်းပေါ်တင်ရှိနေတယ်။ အသေ အပျောက်များတယ်။ ပြည်သူတွေလည်းထွက်ပြေးနေရတယ်။ ဆေးရုံတွေမှာလည်း ဆရာဝန်ကအစ မရှိကြတော့ဘူး။ အကုန်ပြေးကုန်ပြီ။ စစ်သားအလောင်း တွေ အသေတွေများလို့ ဘယ်သူမှ လာမကောက်ရသေးဘူး။ လမ်းဘေးမှာတင်ပုံနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က တောကျွဲအင်းမြို့ကို လေကြောင်းတိုက်ခိုက်မှုများ လုပ် ဆောင်နေသည့်အပြင် စစ်ကူတပ်များ စေလွှတ်ရန် ကြိုးစားနေကြောင်း၊ တော် လှန်ရေးတပ်များက စစ်ကူလာမည့် နေရာများကို ဖြတ်တောက်ပိတ်ဆို့ တိုက် ခိုက်နေကြောင်း သိရှိရသည်။
ဓာတပုံ- ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် လုံခြုံရေးယူခဲ့သော တော်လှန်ရေးတပ်များ။ (ပုံအဟောင်းဖြစ်ပါသည်။
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့ကို PDF တွေသိမ်းပိုက်
ဇန်နဝါရီ-၉၊ ၂၀၂၆။ ဒလပန်း/People’s Spring
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့(ခ)အောင်မြင်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၈ ရက် မနေ့ ညပိုင်း ၁၀နာရီဝန်းကျင်ကစပြီး တောကျွဲအင်းမြို့ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ နေရာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတွေက ဝင်ရောက်တိုက်ခိုက်ပြီးနောက် မြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
“ရဲစခန်းရယ် ဘူတာရယ် သူတို့တပ်စွဲထားတဲ့ မြို့ပေါ်က နေရာအကုန်တိုက်ခံရတာ။ မြို့ရဲ့ နေရာအကုန်လုံးသိမ်းလိုက်တာပေါ့“လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ နေရာတွေ တိုက်ခိုက်ခံနေရချိန်နဲ့ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ ပဲနွယ်ကုန်းမြို့ ရွှေဝါကျေးရွာအခြေစိုက် အမှတ်(၃၀၇)ခြေမြန်တပ်ရင်း(ခမရ ၃၀၇)က လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကို တောက်လျှောက်ပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောကျွဲအင်းမြို့နဲ့ ခမရ ၃၀၇ တို့ဟာ နှစ်မိုင်ခန့်သာ ကွာဝေးပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် လေကြောင်းကနေလည်း လာရောက်ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲစတင်ဖြစ်ပွားချိန်ကစလို့ ဒီနေ့မနက်ပိုင်းအထိ ရထားလမ်းနဲ့ ကားလမ်းတွေအားလုံးကို ဖြတ်သန်းသွားလာခွင့် ယာယီရပ်ဆိုင်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီခရိုင်ထဲက လက်ပံတန်း၊ ကြို့ပင်ကောက်၊ မင်းလှမြို့နယ်နဲ့ နတ်တလင်းခရိုင်ထဲက နတ်တလင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ PDFတွေက ဇန်နဝါရီ ၇ရက် မနက်အစောပိုင်းမှာ တပြိုင်နက် တိုက်ခိုက်ခဲ့ကြပါတယ်။