ဝက်လက်မြို့နယ်၊ သစ်ဆိပ့်ရွာကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၅၄ လုံးကျဲချ တိုက်ခိုက်မှု နေအိမ်များ မီးလောင်ပျက်စီး၊ မြေပြင်တွင်လည်း စစ်တပ်က စစ်ကြောင်း ၂ ခုဖြင့် ကျေးရွာများကို ဆက်တိုက် ဝင်ရောက် စီးနင်းနေ

ဝက်လက်မြို့နယ်၊ သစ်ဆိပ့်ရွာကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၅၄ လုံးကျဲချ တိုက်ခိုက်မှု နေအိမ်များ မီးလောင်ပျက်စီး၊ မြေပြင်တွင်လည်း စစ်တပ်က စစ်ကြောင်း ၂ ခုဖြင့် ကျေးရွာများကို ဆက်တိုက် ဝင်ရောက် စီးနင်းနေ
ရန်ကုန်၊ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိပ့်ရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၅၄ လုံးကျဲချ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၂၄ မိနစ်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ သစ်ဆိပ့်ရွာအနီးကို တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဥ် ၁ စီးက ဗုံးသီး ၅၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျေးရွာအတွင်းရှိ နေအိမ် ၄ လုံးထက်မနည်း မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေ ဗုံးကျဲသွားတဲ့ သစ်ဆိပ့်ရွာက ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေလို့ ထိခိုက်တာတွေမရှိဘူးလို့ သိရတယ်။ ဒါပေမယ့် စစ်ခွေးတွေကျဲတဲ့ ဗုံးထိမှန်ပြီး ကျေးရွာအတွင်းက နေအိမ် ၄ လုံးထက်မနည်း မီးလောင်ပြာကျသွားတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ကမ်းဖြူရွာနှင့် မှော်ဦးရွာကိုလည်း အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ရွာသစ်ရွာ၊ ရေဂမိုးရွာ တို့ကိုလည်း အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေ၍ ထုံးဘိုရွာ ၊ ရှားကွဲရွာ ၊ ရေဂမိုးရွာ ၊ ရွာသစ်ရွာ ၊ လှေပို့ဆိပ်ရွာ ၊ သစ်ဆိပ့်ရွာ ၊ ကူကြီးရွာ ၊ ငါးပတ်ချောင်းရွာ ၊ သရက်ပင်ရွာ ၊ ရေလည်မော်ရွာ ၊ မှော်ဦးရွာ ၊ ကမ်းဖြူရွာ ၊ ရွာသာရွာ ၊ မင်းရွာတောင်ရွာ ၊ အင်ဒေါင်းရွာ ၊ ရှိမ်းမကားရွာ ၊ ငါးရယ်ရွာ ၊ ဆည်တောရွာနှင့် ငါးတိုက်တောင်ရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေသည့်အတွက် ပြည်သူများအနေဖြင့် ကျေးရွာများ အတွင်း နေထိုင်ချင်း မပြုလုပ်ကြပါရန်နှင့် စစ်တပ် စစ်ကြောင်းနှင့် ဝေးသောနေရာများတွင် နေထိုင်ပေးကြရန် ၊ စစ်ကြောင်းဝင်ရောက်ခဲ့သော ကျေးရွာများကို တော်လှန်ရေးတပ်ဖွဲ့များက ရှင်းလင်ရေး မဝင်ရောက်သေးပါက ပြည်သူများ ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်ခြင်းမပြုလုပ်ကြရန်နှင့် စစ်တပ်က ပြည်သူများ နေထိုင်သော ကျေးရွာ လမ်းများ ၊ နေအိမ်ခြံဝင်းများတွင် မြေမြုပ်မိုင်းများ၊ တိုက်မိုင်းများ ချထားနိုင်၍ နယ်မြေရှင်းလင်းပြီးမှသာ ဝင်ရောက်ကြရန် တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ – စစ်တိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

ဝန်းသိုတွင် စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ်များမီးလောင်ပြီး ပြည်သူ တချို့ဒဏ်ရာရ ၊ ကျောက်ကြီးနှင့်ရွှေကျင်မြို့နယ်တို့တွင်လည်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ နေအိမ်များမီးလောင်ပြီး ပြည်သူ တချို့ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၈ ရက်နေ့ ည ၇ နာရီ ၃၈ မိနစ်ဝန်းကျင်အချိန်မှစတင်၍ အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝန်းသို မြို့နယ် နမ်းခမ်းတိုက်နယ် အရှေ့စက်ရပ်ကွက် နှင့် ဘူတာစုရပ်ကွက် များသို့ ဗုံးကျဲချခဲ့ကြောင်း၊ တိုက်လေယာဉ်များက ၅ ကြိမ် ဗုံးပတ်ကျဲသွားခဲ့သဖြင့် ဝန်းသိုမြို့နယ်၊ အရှေ့စက်ရပ်ကွက်မှ နေအိမ် ၁ လုံးမီးလောင်ကာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်တာမရှိပါဘူး။ တိုက်လေယာဉ်တွေနဲ့ ညပိုင်း ဗုံးပတ်ကျဲတာ။ အခုသိရသလောက်တော့ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ ၁ ဦးကတော့ နည်းနည်း ဒဏ်ရာပြင်းတယ။ နေအိမ်တွေ မီးလောင်တာရှိတယ်။ အဲဒါက ဝန်းသိုမြို့နယ် နမ်းခမ်းတိုက်နယ်မှာ ဒုတိယအ​ကြိမ် လေယာဉ်နဲ့ ဗုံးကျဲခံရတာပါ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကာ နေအိမ်နှင့်ဆိုင်များ ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်အချိန် ပဲခူးတိုင်း ရွှေကျင်မြို့နယ်၊ ၀ိုင်ကျွန်းကျေးရွာအတွင်းသို့ စစ်တပ်က ဒရုန်းဖြင့်ပစ်ခတ်ခဲ့သောကြောင့် အသက် ၄၃ နှစ်အရွယ် မကေသွယ်ထွန်း သေဆုံးခဲ့ရပြီး အသက် ၆၂ နှစ်အရွယ် ဦးအေးကျော် ထိခိုက်ဒဏ်ရာရရှိကာနေအိမ် ၂ လုံး ပျက်စီးခဲ့ရကြောင်း သိရှိရသည။
အလားတူ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန် ကျောက်ကြီးမြို့နယ်၊ အလယ်စုကျေး ရွာသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲပစ်ခတ်ခဲ့သောကြာင့် အသက် ၅၀ နှစ်အရွယ် ဒေါ်သိန်းသီ ၅၀ နှစ် ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း သိရှိရသည်။
ထို့အတူ ယင်းနေ့ နံနက် ၁ဝ နာရီ ၃၂ မိနစ်အချိန် ကျောက်ကြီးမြို့နယ်၊ ရွှေဝါတပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁လုံး ပစ်ခတ်ခဲ့ရာ ဇရပ်ခင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် အသက် ၃၅ နှစ်အရွယ် ဦးအောင်ကိုလှ ထိမှန် သေဆုံး ခဲ့ရကြောင်း၊ နေအိမ် ၂ လုံး ဆိုင်ကယ် ၁ စီးနှင့်ဈေးဆိုင် ၁ ဆိုင်လည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ရကြောင်း သိရှိရသည်။