ဗိုလ်နဂါးတပ်ကို NUG တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု ဆို

ဗိုလ်နဂါးတပ်ကို NUG တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု ဆို
DMG ၊ ဇန်နဝါရီ ၈

ဗိုလ်နဂါးဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း BNRA က ယနေ့ (ဇန်နဝါရီ ၈) တွင် ထုတ်ပြန်သည်။
NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန အဆင့်ဆင့်လျှို့ဝှက်ညွှန်ကြားမှုဖြင့် ခရိုင်ကွပ်ကဲရေးတာဝန်ခံ စွမ်းသူမောင်နှင့် ပုလဲမြို့နယ် ကာလုံတာဝန်ရှိ သစ်ညိမ်းတို့မှ အစည်းအဝေးလုပ်ပြီး BNRA ကို တိုက်ခိုက်ရန် တပ်အင်အားများ ပြင်ဆင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သဘောမတူသည့် တပ်ရင်းမှူးများ ရှိသော်လည်း “အမိန့်” ဟူသည့်စကားဖြင့် အတင်းအကျပ် စီမံနေကြောင်း လည်း ဆိုထားသည်။
၂၀၂၄ ခုနှစ်ကလည်း NUG သည် BNRA စခန်းတစ်ခုအား ပိတ်ဆို့နေစဉ် ခရိုင်တပ်ရင်းမှူးနှင့် စစ်ကြောင်းမှူးများ အပါအဝင် လူ ၃၀ ခန့်နှင့် လက်နက်တချို့ကို သိမ်းဆည်းနိုင်ခဲ့ပြီး NUG တပ်များ ပြန်ဆုတ်ရန် BNRA တပ်ဖွဲ့မှ ဖိအားပေးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NUG အနေဖြင့် BNRA ကို တိုက်ခိုက်ရန် ဆက်လက်ခွင့်ပြုထားမည်ဆိုလျှင် ရန်သူဟု သတ်မှတ်၍ အဆုံးစွန်ထိ ရင်ဆိုင်တုံပြန်သွားမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။
ဓာတ်ပုံ – BNRA
#DMG #ဗိုလ်နဂါးတပ် #NUG #မြန်မာနိုင်ငံရေး #စစ်ရေးအခြေအနေ #တော်လှန်ရေးသတင်း #မြန်မာသတင်း #လက်ရှိအခြေအနေ #တိုက်ပွဲသတင်း