ပဲခူးတိုက်ပွဲတွင် စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်သေဆုံးပြီးနောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် သူရဇော်လွင်စိုးကို ခန့်အပ်၊ အခြားစစ်ရာထူးကြီးများကိုလည်း အပြောင်းအလဲများ လုပ်ပြန်
ရန်ကုန်၊ ဇန်နဝါရီ ၉

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲတွင် စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်သေဆုံးပြီးနောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် သူရဇော်လွင်စိုးကို ခန့်အပ်လိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၄ ရက်နေ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲတွင် စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင် သေဆုံးသွားပြီးနောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်ကြည်သိုက်နေရာတွင် ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးကို ခန့်အပ်လိုက်ကြောင်း၊ သူရဇော်လွန်စိုးမှာ စစ်တိုက်တော်သော ဗိုလ်ချုပ်တစ်ဦးအဖြစ် နေပြည်တော်စစ်ရုံးတွင် အသိအမှတ်ပြုခံထားရသူဖြစ်ကြောင်း သိရှိရသည်။
” စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ကျသွားတဲ့အပေါ်မှာ မူတည်ပြီးတော့ သူတို့ အရေးပေါ် ကဗျာကယာ လုပ်လိုက်ရတဲ့ ဒီစစ်ရာထူးခန့်အပ်မှုတစ်ခုလို့ ထင်တယ်။ ကျွန်တော်တို့ ဒီ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး လုပ်ခဲ့တဲ့ ဒီဗိုလ်မှူးချုပ် သူရဇော်လွင်စိုးကတော့ တောင်ပိုင်းတိုင်း တိုင်းမှူးဖြစ်လာတယ်။ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ ကျွန်တော်တို့ ဒီညောင်ကြိုးဒေသတွေကို ပြန်ပြီးတော့ တိုက်စစ်ဆင်လိုတဲ့ ဟာရည်ရွယ်ချက် ပေါ့နော်၊ အဲဒီရည်ရွယ်ချက်နဲ့ ခန့်အပ်တာ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည။
ယင်းအပြင် တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက် (စစ်တက္ကသိုလ်အပတ်စဉ် ၃၉ )ကို နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် လည်းကောင်း၊ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် လည်းကောင်း၊ တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထက်ကို တပ်မတော်နည်းပညာတက္ကသိုလ် DSTA ကျောင်းအုပ်ကြီး၊ စကခ(၁၈) စကခမှူး ဗိုလ်မှူးချုပ် သန့်လွင်စိုးကို တပ်မ ၁၀၁ တပ်မမှူးအဖြစ်လည်းကောင်း၊ စကခ ၁၄ စကခမှူး ဗိုလ်မှူးချုပ် တင်ထွန်းအောင်ကို စကခ ၁၀ စကခမှူးအဖြစ်လည်းကောင်း ခန့်အပ်ခဲ့ကြောင်း၊ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရာထူးကို ဗိုလ်မှူးချုပ် စိုးညွှန့်ကိုပေးလိုက်ကြောင်း သိရှိရသည်။
” ဒီဗိုလ်မှူးချုပ်စိုးညွှန့်ဆိုတာ ကျွန်တော်တို့ အရင်တုန်းက တပ်မတော်ဆေးဘက်ပညာတက္ကသိုလ်၊ အဲဒီ တပ်မတော်ဆေးဘက်ပညာတက္ကသိုလ်ကနေမှ အရန်အင်အားကို သွင်းလိုက်တာ။ အရန်အင်အားကနေမှ ကျွန်တော်တို့ဒီ လကခချုပ် ပေါ့နော်၊ ဒုတိယလကခချုပ် ဖြစ်တယ်။ တပ်မ ၁၀၁ တပ်မမှူး ပေါ့နော်၊ နာမည်က ဘီလူး၊ အဲဗိုလ်မှူးချုပ်ဇော်မင်းထက်ဆိုတဲ့သူကတော့ တပ်မတော်နည်းပညာတက္ကသိုလ် ပေါ့နော်၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးထိ ခန့်လိုက်ရတာ၊ တိုးပြီးခန့်လိုက်တာကို တွေ့ရတယ်။ အဲတော့ ကျွန်တော်တို့ ကြည့်ရမယ်ဆို စစ်တက္ကသိုလ် ၄၂၊ ၄၄ ပတ်ချာလည် ပေါ့နော်၊ ၄၂ ၊ ၄၄ ပတ်ချာလည်တွေကို သူ ကစားလာတယ်။ အငယ်တွေကို ပြန်ပြီးတော့ ဒါထပ်ပြီးတော့ ပွဲထုတ်လာတာပေါ့နော်။ ပြီးရင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုလည်း လကခချုပ် လုပ်တယ် ပေါ့နော်။ ဒါဒုတိယဗိုလ်ချုပ်ကြီး တစ်နေရာတွေ စပြီးပေးနေတာ။ စပြီးပေးနေတာဆိုတာ သူအခု လူစမ်းလာပြီ ပေါ့နော်” ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်အတွင်း ထိပ်ပိုင်းရာထူးအပြောင်းအလဲများကို ဆက်လက်ပြုလုပ်ရန်အတွက် နေ့စဉ် စစ်ရုံးတွင် အစည်းအဝေးများ ဆက်တိုက်ခေါ်ယူလျက်ရှိကြောင်း နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။