ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ထပ်မံ တိုက်ခိုက်မှု စစ်သား အများအပြား သေဆုံးပြီး စစ်သုံ့ ပန်း များနှင့်အတူ လက်နက်ခဲယမ်းအများအပြား ထပ်မံ သိမ်းဆည်းရရှိ၊ စစ်တပ်နေရာ ၂ ခုကိုလည်း သိမ်းပိုက်

ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ထပ်မံ တိုက်ခိုက်မှု စစ်သား အများအပြား သေဆုံးပြီး စစ်သုံ့ ပန်း များနှင့်အတူ လက်နက်ခဲယမ်းအများအပြား ထပ်မံ သိမ်းဆည်းရရှိ၊ စစ်တပ်နေရာ ၂ ခုကိုလည်း သိမ်းပိုက်
ရန်ကုန်၊ ဇန်နဝါရီ ၆

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ထပ်မံ တိုက်ခိုက်ရာ စစ်သား အများအပြား ထိခိုက်သေဆုံးပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားကြောင်း ချင်းတော်လှန်ရေး CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၅ ရက်နေ့ နံနက် အစောပိုင်းတွင် ဖလမ်းမြို့ဘက်ကို သိုင်းငင်းရွာဘက်မှ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ချင်းတော်လှန်ရေးတပ်များက အကြမ်းဖက် စစ်တပ် တပ်စွဲထားသောနေရာ ၂ ခုကိုလည်း သိမ်းပိုက်ထားပြီး ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်နှင့် စစ်သုံ့ပန်း ဖမ်းဆီးရရှိမှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
“မနေ့က နံနက်အစောကြီးက ဖလမ်းဘက်တက်တဲ့ သိုင်းငင်းဘက်ကလာတဲ့ စကစတပ်တွေကို Chinland Army က တိုက်ခဲ့တယ်။ အဲဒါသူတို့ တပ်စွဲထားတဲ့ နေရာ ၂ ခုကို Chinland Army က သိမ်းထားတယ်။ လက်နက်ခဲယမ်းသိမ်းတယ်။ စစ်သုံ့ပန်းလည်းရှိတယ်လို့ သတင်းကြားတယ်။ ဒါပေမယ့် စစ်သုံ့ပန်းဘယ်နှဦးဖမ်းမိတယ်ဆိုတာကတော့ မသိဘူးရသေးဘူး” ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ဇန်နဝါရီလ ၃ ရက်နေ့ ကလေးမြို့ဘက်မှ ဖလမ်းမြို့ဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို CNA အပါအဝင် ချင်းတော်လှန်ရေး တပ်ပေါင်းစုက ခွမ်ကလေးရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁၀ ဦးသေဆုံးကာ ၂ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ချင်းတော်လှန်ရေးတပ်များက Khuangli ရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး စစ်သုံ့ ပန်း ၄ ဦး အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။