စစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း ၁ တွင် ကြံ့ဖွတ်ပါတီက မြို့နယ် ၈၁ ခုအတွက် ကြိုတင်မဲပေါင်း ၃ သိန်း ၄ သောင်းကျော်ဖြင့် အနိုင်ရပါတီအဖြစ် ဦးဆောင်
ရန်ကုန်၊ ဇန်နဝါရီ ၅
အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း ၁ တွင် ကြံ့ဖွတ်ပါတီက မြို့နယ် ၈၁ ခုအတွက် ကြိုတင်မဲပေါင်း ၃ သိန်း ၄ သောင်းကျော် ရရှိထားပြီး အနိုင်ရပါတီအဖြစ် ဦးဆောင်နေကြောင်း Data for Myanmar ၏ ထုတ်ပြန်ချက်နှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ ပြောဆိုချက်များအရ သိရှိရသည်။
စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပခဲ့သော မြို့နယ် ၁၀၂ ခုအနက်မှ မြို့နယ် ၈၁ ခုတွင် မာန်အောင်မြို့နယ်မှ လွဲ၍ ကျန်မြို့နယ် ၈၀ ခုတွင် ကြံ့ဖွတ်ပါတီ ကိုယ်စားလှယ်လောင်းများက တခြားနိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများထက် တစ်ဦးချင်း ကြိုတင်မဲရရှိမှုမှာ သာလွန်နေခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် ၈၁ ခုတွင် ကြံ့ဖွတ်ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၈၁ ဦးရရှိထားသော ကြိုတင်မဲ စုစုပေါင်းသည် ၃ သိန်း ၄ သောင်းကျော် (၃၄၂၆၄၂ မဲ) ဖြစ်ပြီး စုစုပေါင်း ခိုင်လုံမဲသည် ၂ သန်းကျော် (၂,၀၅၈,၈၀၈ မဲ) ဖြစ်ကြောင်း၊ ထို့ကြောင့် ကြံ့ဖွတ်ပါတီက ရရှိထားသော ခိုင်လုံမဲ စုစုပေါင်း၏ ၁၇ ရာခိုင်နှုန်းသည် ကြိုတင်မဲများဖြစ်ကြောင်း သိရှိရသည်။
ရွေးကောက်ပွဲ အပိုင်း ၁ တွင် တခြားသော နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်လောင်း ၃၆၂ ဦးရရှိထားသော ကြိုတင်မဲ စုစုပေါင်းသည် ၉ သောင်း ၄ ထောင်ကျော် (၉၄,၆၆၆ မဲ) ဖြစ်ပြီး စုစုပေါင်း ရရှိထားသော ခိုင်လုံမဲသည် ၂.၄ သန်းကျော် (၂,၄၇၃,၀၆၁ မဲ) ဖြစ်ကြောင်း၊ ထို့ကြောင့် တခြားသောနိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ ရရှိထားသော ကြိုတင်မဲသည် ၄ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။
ကြံ့ဖွတ်ပါတီသည် ကျောက်ဖြူမြို့နယ်တွင် စုစုပေါင်း ခိုင်လုံမဲ ၆,၃၅၅ မဲ ရသည့်အနက်မှ ၃,၀၂၄ မဲသည် ကြိုတင်မဲများဖြစ်ကြောင်း၊ သံတောင်ကြီးမြို့နယ်တွင် စုစုပေါင်း ခိုင်လုံမဲ ၂,၀၀၁ မဲ ရသည့်အနက်မှ ၁,၆၆၁ မဲသည် ကြိုတင်မဲများဖြစ်ကြောင်း၊ ဘောလခဲမြို့နယ်တွင် စုစုပေါင်း ခိုင်လုံမဲ ၁,၅၆၉ မဲရသည့်အနက်မှ ၁,၂၃၆ မဲ သည်ကြိုတင်မဲများဖြစ်ကြောင်း၊ ဟားခါးမြို့နယ်တွင် စုစုပေါင်း ခိုင်လုံမဲ ၂,၀၀၇ မဲရသည့်အနက်မှ ၁,၀၄၀ မဲ သည် ကြိုတင်မဲများဖြစ်ကြောင်း သိရှိရသည်။
သို့သော် ကျောက်ဖြူမြို့နယ်၊ မိုးညှင်းမြို့နယ်၊ ဘားအံမြို့နယ်၊ တီးတိန်မြို့နယ်နှင့် မြိတ်မြို့နယ်တို့တွင် တခြားသောနိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများက မဲရုံမဲတွင် မဲလာပေးသူများကြောင့် ကြံ့ဖွတ်ပါတီကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် စစ်အုပ်စု၏ ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ ကြံ့ဖွတ်ပါတီသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရှမ်းပြည်နယ်တွင် မြို့နယ် ၁၀ ခု၊ ဧရာဝတီတိုင်းတွင် မြို့နယ် ၇ ခု၊ စစ်ကိုင်းတိုင်းတွင် မြို့နယ် ၁၃ ခု ၊ တနင်္သာရီတိုင်းတွင် မြို့နယ် ၆ ခု၊ ပဲခူးတိုင်းတွင် မြို့နယ် ၈ ခု၊ မကွေးတိုင်းတွင် မြို့နယ် ၉ ခု၊ မန္တလေးတိုင်းတွင် မြို့နယ် ၈ ခု၊ ရခိုင်ပြည်နယ်တွင် မြို့နယ် ၂ ခု၊ ရန်ကုန်တိုင်းတွင် မြို့နယ် ၉ ခု ၊ နေပြည်တော်တွင် မြို့နယ် ၈ ခု၊ ကချင်ပြည်နယ်တွင် မြို့နယ် ၈ ခု၊ ကယားပြည်နယ်တွင် မြို့နယ် ၂ ခု၊ ကရင်ပြည်နယ်တွင် မြို့နယ် ၃ ခု၊ ချင်းပြည်နယ်တွင် မြို့နယ် ၂ ခုနှင့် မွန်ပြည်နယ်တွင် မြို့နယ် ၄ ခု တို့ကို အနိုင်ရရှိထားကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် နေရာအားလုံးနီးပါးကိုလည်း ကြံ့ဖွတ်ပါတီကပင် အနိုင်ရရှိထားကြောင်း စစ်အုပ်စု၏ ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရသိရသည်။
“ကြံ့ခိုင်ရေးရဲ့ ကြိုတင်မဲဆိုတာကြီးက ကျနော်တို့အတွက် ဒဏ်ရာဟောင်းတွေရှိပြီးသားပေါ့လေ။ ၂၀၁၀ ရွေး ကောက်ပွဲတုန်းကလည်း သူတို့ ဆာလာအိတ်ကြီးတွေနဲ့ ညအချိန်မတော်ကြီးတွေ ရောက်ရောက်လာတာကိုတောင် ပြန်ပြီး မြင်ယောင်မိတယ်။ ကျနော်ကိုယ်တိုင်လည်း ရွေးကောက်ပွဲမှာ ပါဝင်လုပ်ကိုင်ခဲ့တာဆိုတော့ ကိုယ်တိုင်မြင်ခဲ့တာရှိတယ်။ ကြိုတင်မဲလာကောက်တဲ့ အခါမှာ မဲထည့်တဲ့သူ ကိုယ်တိုင်တောင်မှပဲသူထည့်ချင်တာ အမှတ်ခြစ်မရဘူး။ ဒါပဲနော် ဒါပဲခြစ်ဆိုပြီး ကြံ့ဖွတ်ပါတီက ကောင်တွေက ကြိုတင်မဲယူသွားတာ အဲတာ ၂၀၁၀ ပဲ ၂၀၁၅ တုန်းကကျတော့ အဲတုန်းကလဲ သူတို့ အများကြီးပဲ လူလည်ကျခဲ့တယ်။ အုပ်ချုပ်ရေးမှူးတွေက မဲရုံကိုယ်စားလှယ်တွေ အလှမ်းဝေးတဲ့ နေရာတွေမှာ ညစ်ပတ်ဖို့ ကြိုးစားအများကြီးရှိတယ်။ ၂၀၁၅ မှာ လူထုအားကို မနိုင်ခဲ့ဘူး။ ၂၀၂၀ မှာ ကျတော့ ကြိုတင်မဲ ကိစ္စတွေက ညစ်ပတ်ချင်ပေမယ့် ဘယ်လိုမှညစ်ပတ်လို့မရဘူး။ ညစ်ပတ်လို့မရတဲ့ အတွက် အာဏာသိမ်းတာပေါ့။ အခုလည်း ထပ်ပြီးတော့ မနိုင်မှာဆိုလို့ ကြိုတင်မဲတွေပဲ အနိုင်ယူလိုက်တာ ကြံ့ဖွတ်နိုင်ရင်တော့ အာဏာသိမ်းတော့မှာမဟုတ်ပါဘူး။ တရားမျှတတဲ့ ရွေးကောက်ပွဲ ထပ်လုပ်လို့ ကြံ့ဖွတ်မနိုင်ရင် အာဏာထပ်သိမ်းအုန်းမှာပဲ ” ဟု ပဲခူးတိုင်းအတွင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ယခု ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ အပိုင်း ၂ နှင့် ရွေးကောက်ပွဲ အပိုင်း ၃ တို့ကို ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်သည်။