နိုင်ငံ့အကျပ်အတည်းများ တပ်မတော်က ဦးဆောင်ဖြေရှင်းပေးခဲ့ဟုဆို
ဧရာဝတီ၊ ဇန်နဝါရီ ၅၊ ၂၀၂၆
နိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခက်အခဲ၊ အကျပ်အတည်းများကို တပ်မတော်ကပင် ဦးဆောင်ဖြေရှင်းပေးခဲ့ရကြောင်းနှင့် သမိုင်းကြောင်းများကို နိုင်ငံသားအားလုံး မှန်မှန်ကန်ကန် လေ့လာသိရှိနားလည်ကြရန် လိုအပ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်တွင် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်ခြင်း အခမ်းအနား၌ ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင်က ထိုသို့ ပြောသော်လည်း ၂၀၂၁ ဖေဖော်ဝါရီတွင် မဲမသမာမှုအကြောင်းပြပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမှု၊ စီးပွားရေးချွတ်ခြုံကျမှုနှင့်အတူ ပြည်သူလူထုမှာ အကျပ်အတည်းမျိုးစုံဖြင့် ရင်ဆိုင်နေရသည်။
နိုင်ငံနှင့် ပြည်သူကောင်းရာကောင်းကျိုးကို မလိုလားသည့် ပြည်ပနိုင်ငံတချို့နှင့် စဉ်းစားတွေးခေါ်မှုနည်းပါးပြီး လမ်းမှား လိုက်နေကြသော ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းတချို့၊ အသိဉာဏ်နည်းပါးသည့် အကြမ်းဖက်သမားများနှင့် အားပေး ထောက်ခံသူများကြောင့် ယခုအချိန်တွင် အောင်မြင်သင့်သလောက် မအောင်မြင်ဟုလည်း စစ်ခေါင်းဆောင်က အပြစ်တင်သည်။
သို့သော် ၎င်း ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူများသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် သက်စွန့်ကြိုးပမ်းဆောင် ရွက်နေသူများ၊ အသိပညာ အတတ်ပညာနှင့် နိုင်ငံကို ဘက်ပေါင်းစုံမှ တိုးတက်အောင် ဆောင်ရွက်နေကြသူများဟု ဆိုသည်။
ထို့ပြင် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ပြီး သမားရိုးကျစစ်ပွဲများ ဆင်နွှဲနိုင်ရေးနှင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်၌ အသုံးချခံမဖြစ်စေ ရေးအတွက် ခေတ်မီတပ် တည်ဆောက်ကြိုးပမ်းနေကြောင်းလည်း စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့သည်။