ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ကျူးလွန်ခဲ့ကြောင်း အခြေခံပညာနှင့် တက္ကသိုလ် သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားရန် မင်းအောင်လှိုင်ညွှန်ကြား
ရန်ကုန်၊ ဇန်နဝါရီ ၅
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် မဲလိမ်မဲခိုးမှုများ ကျူးလွန်ခဲ့ကြောင်း အခြေခံပညာနှင့် တက္ကသိုလ် သင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းစာအုပ်များတွင် ထည့်သွင်းသင်ကြားရန် မင်းအောင်လှိုင်က ညွှန်ကြားခဲ့ကြောင်း နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် လူထုသဘောထား အစစ်အမှန်ဖြင့် NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့သော် လည်း စစ်တပ်က မဲလိမ်မဲခိုးသည်၊ မဲစာရင်းများမှားယွင်းပြီး မဲမသမာမှုလုပ်သည်ဟုဆိုကာ စစ်အာဏာ သိမ်းခဲ့ပြီးနောက် ယင်းကဲ့သို့ အခြေခံပညာသင်ရိုးညွှန်းတမ်းများနှင့် အဆင့်မြင့်တက္ကသိုလ်ပညာသင်ရိုးညွှန်းတမ်းများတွင် ပြဋ္ဌာန်း ထည့်သွင်း သင်ကြားရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ စစ်တပ်က ဗဟိုဝန်ထမ်းတက္ကသိုလ်များ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စစ်ဦး စီးတက္ကသိုလ် အပါအဝင် စစ်တပ်က တိုက်ရိုက်ထိန်းချုပ်ထားသော ကျောင်းနှင့် တက္ကသိုလ်များတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲလိမ်မဲခိုးမှုများ ကျူးလွန်ခဲ့ကြောင်း၊ နိုင်ငံ ခြားသားများကို အကြံပေးခန့်ထား၍ ပြည်ပအားကိုး လုပ်ဆောင်ခဲ့ကြောင်း စသည့် အကြောင်းအရာများကို ပြဋ္ဌာန်း ချက်အဖြစ် ထည့်သွင်း၍ သင်ကြားနေပြီဖြစ်ကြောင်း သိရှိရသည်။
” သင်ရိုးညွှန်းတမ်းတွေနဲ့ ပြဋ္ဌာန်းချက်တွေမှာ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုအကြောင်း မဖြစ်မနေ ထည့်သွင်းဖို့ လုပ်နေကြပြီ။ ဗဟိုဝန်ထမ်းတက္ကသိုလ်နဲ့ စစ်တက္ကသိုလ်တွေမှာတော့ အဲဒါကို နိုင်ငံရေးဘာသာရပ်အဖြစ် သင် ကြားတာတွေ၊ ပို့ချတာတွေ လုပ်နေပြီ။ ဒီအခြေခံပညာကျောင်းနဲ့ အရပ်ဘက်တက္ကသိုလ်တွေမှာတော့ ပြဋ္ဌာန်းချက်အဖြစ် ထည့်ဖို့ လုပ်နေကြတာ” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ မဲမသမာမှုများကြောင့် စစ်တပ်က အာဏာထိန်းရခြင်းဖြစ်ပြီး နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းပေးရန် တောင်းဆိုခဲ့မှုအပေါ် NLD အစိုးရ လျစ်လျူရှုခဲ့ကြောင်း မကြာခဏ ဆိုသလို ထုတ်ဖော်ပြောဆိုခဲ့ရာမှ ယခုနောက်ဆုံးတွင် ပြဋ္ဌာန်းချက်နှင့် သင်ရိုးညွှန်းတမ်းများအတွင်းတွင်ပါ ထည့်သွင်း သင်ကြားရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။