လက်နက်ကိုင်အဖွဲ့အစည်းများ စဉ်းစားတွေးခေါ်မှု နည်းပါး၍ လမ်းမှားလိုက်ပြီး အားပေးထောက်ခံသူများ၏ အသိဉာဏ် နည်းပါးမှုကြောင့် နိုင်ငံ မအောင်မြင်ဟု မင်းအောင်လှိုင်က အပြစ်ဖို့ပြန်၊ စစ်တပ်က စစ်ရေးတိုက်ပွဲအပြင် နိုင်ငံရေးတိုက်ပွဲများပါ ရင်ဆိုင်ဆင်နွှဲနေဟုဆို

လက်နက်ကိုင်အဖွဲ့အစည်းများ စဉ်းစားတွေးခေါ်မှု နည်းပါး၍ လမ်းမှားလိုက်ပြီး အားပေးထောက်ခံသူများ၏ အသိဉာဏ် နည်းပါးမှုကြောင့် နိုင်ငံ မအောင်မြင်ဟု မင်းအောင်လှိုင်က အပြစ်ဖို့ပြန်၊ စစ်တပ်က စစ်ရေးတိုက်ပွဲအပြင် နိုင်ငံရေးတိုက်ပွဲများပါ ရင်ဆိုင်ဆင်နွှဲနေဟုဆို
ရန်ကုန်၊ ဇန်နဝါရီ ၅
မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ စဉ်းစားတွေးခေါ်မှု နည်းပါး၍ လမ်းမှားလိုက်ပြီး အားပေးထောက်ခံသူများ၏ အသိဉာဏ်နည်းပါးမှုကြောင့် နိုင်ငံ မအောင်မမြင် ဖြစ်နေရကြောင်း အကြမ်းဖက် မင်းအောင်လှိုင် က အပြစ်ဖို့ပြောဆိုပြန်သည်။
ယမန်နေ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းခြင်း အခမ်း အနားတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ အပြစ်တင် ပြောဆိုမှုများ ထပ်မံ လုပ်ဆောင်လာခြင်းဖြစ်သည်။
နိုင်ငံနှင့် ပြည်သူ ကောင်းရာကောင်းကျိုးကို မလိုလားသည့် ပြည်ပနိုင်ငံတချို့နှင့် စဉ်းစားတွေးခေါ်မှု နည်းပါးပြီး လမ်းမှားလိုက်နေကြသည့် လက်နက်ကိုင်အဖွဲ့အစည်းတချို့၊ အသိဉာဏ်နည်းပါးသည့် အကြမ်းဖက်သမားများနှင့် အားပေးထောက်ခံသူများကြောင့် ယခုအချိန်တွင် အောင်မြင်သင့်သလောက် မအောင်မြင်သည်ကို အားလုံး အသိပင်ဖြစ်ကြောင်း မင်းအောင်လှိုင်က အပြစ်တင်သည်။
ယင်းအပြင် ပြည်တွင်းပြည်ပ၏ အဖျက်အမှောင့်ပယောဂကို ယုံစားပြီး အသိ ပညာနည်းပါးသည့် ကိုယ်ကျိုးအတ္တသမားများ၊ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်သူများလည်း ရှိနေဆဲဖြစ်ကြောင်း၊ အမြင်မတူ သဘောထားကွဲလွဲ နေကြသည့်အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအနေဖြင့် ပဋိပက္ခများမှ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းကြရန် ထပ်မံ ဖိတ်ခေါ် ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။
ထို့အပြင် စစ်တပ်အနေဖြင့် စစ်ရေးတိုက်ပွဲများသာမက နိုင်ငံရေး တိုက်ပွဲများကိုလည်း မလွဲမသေ ရင်ဆိုင် ဆင်နွှဲရင်း အမျိုးသားနိုင်ငံရေး ဦးဆောင်မှုဟူသည့် ထူးခြားသည့် သမိုင်းမှတ်တိုင်ကိုပါ စိုက်ထူနိုင်ခဲ့ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသွားသည်။