မန္တလေး ကျောက်ဝိုင်းမှာ တရုတ်နိုင်ငံသားတစ်ဦးက ကျပ်သိန်းသောင်းချီ တန်ဘိုးရှိ ကျောက်စိမ်းတွေ လိမ်ပြေး၊
ဖိုးချို/MFP၊ ဇန်နဝါရီ – ၄




မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း ခေါ် မန္တလေးကျောက်ဝိုင်းအတွင်း တရုတ်နိုင်ငံသား တစ်ဦးက ငွေကျပ်သိန်း သောင်းနဲ့ချီ တန်ဖိုးရှိတဲ့ ကျောက်စိမ်းတွေကို လိမ်လည် ရယူကာ ထွက်ပြေးသွားတယ်လို့ မြို့ခံ ကျောက်မျက်အရောင်းအဝယ် လုပ်ကိုင်သူတွေက MFP ကို ပြောပါတယ်။
တရုတ်နိုင်ငံသားတစ်ဦးက ကျောက်အဝယ်ကုန်သည် ဟန်ဆောင်ကာ ကျောက်ဝိုင်းအတွင်း ဆိုင်ခန်းဖွင့်ကာ ဇန်နဝါရီ ၁ ရက်မှာ အရည်အသွေးမြင့် ကျောက်စိမ်းတွေကို ဝယ်ယူခဲ့ပြီးနောက် ဇန်နဝါရီ ၃ရက် ငွေပေးချေရမယ့်အချိန်မှာ ရောက်မလာတော့ဘဲ ထွက်ပြေးသွားတာလို့ ဆိုပါတယ်။
ကျောက်မျက်လာရောက် ရောင်းချတဲ့ ကျောက်ပွဲစားတွေကို ဝိုင်းဖွင့်တဲ့ရက် (ဇန်နဝါရီ ၃)မှာ ငွေပေးချေပါ့မယ့်အကြောင့် အိမ်ခံအဝယ် စလစ်စာရွက် (ငွေပေးချေမယ့် တန်ဖိုးနဲ့ ပေးမယ့်ရက် သတ်မှတ်ထားတဲ့ စာရွက်) ပေးပြီးနောက် ပစ္စည်းရယူ ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်လို့ ကျောက်စိမ်း ကုန်သည်တစ်ဦးက MFP ကို ပြောပါတယ်။
“ကျောက်ဝိုင်းထဲက အခန်းကို အပြတ်ငှားပြီး လင်မယားပုံစံနဲ့ ကျောက်ဝယ်သွားတာလို့ ကြားတယ်၊ အဝယ်လည်းသူ၊ အိမ်ခံလည်း သူဆိုတော့ ပွဲစားတွေတော့ တကယ့်ဒုက္ခပါပဲ၊ စိုက်လျော်ရတော့မှာ၊ ကျောက်အရောင်းအဝယ်ဆိုတာ ပွဲစားက ကိုယ်တိုင် အာမခံရောင်းပေး၊ ဝယ်ပေးရတာလေ၊ ကျောက်တန်ဖိုး ကျပ်သိန်း ငါးသောင်း ကျော်ဖိုးလောက် ပါသွားတယ်ဆိုပြီး ကြားရတယ်၊ ကျပ်သိန်းရာထောင်ချီ တန်တဲ့ ကျောက်တွေပါသွားတာဆိုတော့ ဖြစ်နိုင်ပါတယ်၊ အခုဖြစ်သွားတာက တစ်ဦး တစ်ယောက်တည်း ပါသွားတာ မဟုတ်ဘူး၊ ပွဲစား အများကြီး အလိမ်ခံလိုက်ရတာ၊ ကျောက်စိမ်း အပွင့်သမားတွေ များတယ်လို့ ကြားတယ်”
ကျောက်လိမ်လည်သူက ထွက်ပြေးဖို့အချိန်ရအောင် ဇန်နဝါရီ၁ ရက်မှာ ဈေးကောင်းပေး ကျောက် ဝယ်ပြီး ကျောက်ဝိုင်းပိတ်ရက်ဖြစ်တဲ့ ဇန်နဝါရီ ၂ ရက် (လပြည့်နေ့)ကို အသုံးချကာ စနစ်တကျ အကွက်ချ လိမ်လည်ထွက်ပြေးသွားတာလို့ ကျောက်အရောင်းအဝယ်လုပ်ကိုင်သူတွေက ပြောပါတယ်။
မန္တလေးကျောက်ဝိုင်းအတွင်း ကျောက်စိမ်းရောင်းဝယ်တဲ့ ပုံစံဟာ ကျောက်စိမ်းအဝယ် ကုန်သည်အတွက် အိမ်ခံ(ဆိုင်ခန်းပိုင်ရှင်)က ဝယ်ယူတန်ဖိုးအပေါ် သတ်မှတ်မှတ်ထားတဲ့ ရာခိုင်နှုန်း ရယူကာ ကျောက်တန်ဖိုးနဲ့ ပစ္စည်းကို အာမခံပေးကြရပြီး ပစ္စည်းပေး၊ ငွေချေတဲ့ စနစ်မျိုးမဟုတ်ဘဲ အချိန်တစ်ခု သတ်မှတ်ကာ ငွေပေးချေကြတာ ဖြစ်ပါတယ်။
မန္တလေးကျောက်ဝိုင်းကို တရုတ်တွေ အပါအဝင် နိုင်ငံတဝန်းက ကျောက်ကုန်သည်တွေ လာရောက် ရောင်းဝယ်ကြပြီး စစ်အုပ်စုရဲ့ စည်ပင်က ဆိုင်ခန်းကြေး၊ ဝင်ကြေးစတဲ့ အခွန်အခတွေ ကောက်ခံရယူတာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်အုပ်စုက နေပြည်တော်မှာ ကျောက်စိမ်းကျောက်မျက်ရောင်းချပွဲတွေ မကြာခဏ လုပ်နေသလို တရုတ်တွေကို ဖိတ်ခေါ်ထားပြီး မန္တလေးကျောက်ဝိုင်းကိုလည်း တရုတ်ကုန်သည်တွေ ပိုမို လာရောက် ရောင်းဝယ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးကျောက်ဝိုင်းမှာ ရောင်းဝယ်နေကြသူတွေနဲ့ ကျပ်သိန်းသောင်းချီတန် ကျောက်စိမ်းတွေ လိမ်းလည်ထွက်ပြေးသူ/Photo – CJ