စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုင်းရင်းသားညီနောင်များ၊ တော်လှန်ရေးအင်အားစုများနှင့်အတူ အဆုံးတိုင် ချီတက်မည်ဟု NUG အစိုးရက ထပ်မံကတိပြုကြေညာ
ရန်ကုန်၊ ဇန်နဝါရီ ၄
စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုင်းရင်းသားညီနောင်များ၊ တော်လှန်ရေးအင်အားစုများနှင့်အတူ အဆုံးတိုင် ချီတက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ယနေ့ ကျရောက်သည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် သဝဏ်လွှာပေးပို့ ထပ်မံသန္နိဋ္ဌာန်ပြုလိုက်သည်။
ယနေ့ကျရောက်သည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားများသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြည်သူလူထုထံ သဝဏ်လွှာပေးပို့ရာ၌ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်မှန်သမျှ အမြစ်ပြတ်သည်အထိ တိုင်းရင်းသားညီနောင်များ၊ တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲ၍ အဆုံးတိုင် ချီတက်သွားမည်ဖြစ် ကြောင်း ၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် (၁၃၀၉ ခုနှစ်၊ ပြာသိုလဆုတ် ၉ ရက်)၊ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း အာဏာမက်မောသော စစ်ခေါင်းဆောင်များ၏ ခေတ်အဆက်ဆက် မတရားအာဏာလုယူမှုများကြောင့် ပြည်သူတို့သည် စစ်ကျွန်ဘဝသို့ ထပ်ဖန်တလဲလဲ ကျရောက်ခဲ့ရပြန်ကြောင်း NUG က ဆိုသည်။
ယနေ့ဆင်နွှဲနေသော ၅ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည့် နွေဦးတော်လှန်ရေးအတွင်း အထူးသဖြင့် ဒေသအခြေ ပြုတပ်ပေါင်းစုများကို ခိုင်မာစွာဖွဲ့စည်းနိုင်ခြင်း၊ ဒေသအလိုက် ဖက်ဒရယ်ယူနစ် ကြားကာလအစိုးရများကို စနစ်တကျ တည်ထောင်နိုင်ခြင်းတို့သည် ပြည်သူများအားလုံး မျှော်မှန်းသော ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အတွက် ခိုင်မာသော အုတ်မြစ်ချတည်ဆောက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ စစ်ရေးအရ တစ်ခုတည်းသောကွပ်ကဲမှု ကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ခြင်း နွေဦးတော်လှန်ရေးကို အောင်ပွဲဆီသို့ အလျှင်အမြန် ပို့ဆောင်ပေးမည့် ပြည်သူ့နွေဦးတော်လှန်ရေး၏ တိုးတက်မှုများဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ထိုသို့ တော်လှန်ရေးအလားအလာကောင်းများကို အရင်းပြုလျက် အကြမ်းဖက် စစ်တပ်၏ ဖိနှိပ်မှုမှ အပြီးတိုင်လွတ်မြောက်ကာ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်းဟူသော ဖက်ဒရယ်ဒီမိုကရေစီ အနှစ် သာရများ ပြည့်ဝသည့် နိုင်ငံတော်သစ်ကို အမြန်ဆုံး အတူတကွ တည်ဆောက်သွားကြမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူလူထုသို့ ကတိပြုထားသည်။