လေးကေ့ကော်တိုက်ပွဲ လေးလနီးပါးအတွင်း တပ်ရင်းမှူးအပါအဝင် ၃၀၀ကျော် သေဆုံး
ဇန်နဝါရီ-၃၊ ၂၀၂၆။ People’s Spring
ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသတိုက်ပွဲ လေးလနီးပါးအတွင်း စစ်ကောင်စီတပ်ရဲ့တပ်မ(၂၂)က တပ်ရင်းမှူးအဆင့်အပါအဝင် သေဆုံးသူ ၃၀၀ကျော်အထိရှိနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လေးကေ့ကော်မြို့သစ်ကို ရဖို့အတွက် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၂၁ရက်ကစတင်ပြီး စစ်ကြောင်းထိုးလာခဲ့တာပါ။ လတ်တလောမှာ လေးကေ့ကော်ဒေသက မင်းလက်ပံရွာမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ လေးကေ့ကော်တိုက်ပွဲဟာ လေးလနီးပါးကြာလာပြီဖြစ်ပြီး စစ်တပ်က မင်းလက်ပံရွာမှာပဲ ရှေ့မတိုးနိုင်သေးဘဲ ရပ်တန့်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
လေးကေ့ကော်တိုက်ပွဲအတွင်း တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၃)ဒုတပ်ရင်းမှူးနဲ့ ခမရ(၂၀၁)တပ်ရင်းမှူးတို့ သေဆုံးပြီး တပ်ရင်းမှူးသုံးဦး ဒဏ်ရာရထားတယ်လို့ တပ်မဟာ(၆)နယ်မြေက လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ခမရ၂၀၁ တပ်ရင်းမှူးက မင်းလက်ပံတိုက်ပွဲမှာ ဗိုက်ပေါက်သွားပြီး နောက်ထပ်တပ်ရင်းမှူးတစ်ဦးလည်း ခြေထောက်ပြတ်တယ်လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။
လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း တပ်မ(၂၂)ရဲ့ သေဆုံးနဲ့ ဒဏ်ရာရစာရင်း စုစုပေါင်းဟာ ၆၀၀ကျော်နေပြီလို့လည်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲတွေအတွင်း တပ်မ(၂၂)ဆီကနေ လက်နက်ခဲယမ်းတွေလည်း တော်လှန်ရေးတပ်ဖွဲ့တွေက အများအပြားသိမ်းရထားပါတယ်။
လေးကေ့ကော်မြို့သစ်တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးမှုများပြီး အလင်းဝင်လာသူတွေ ရှိနေတယ်လို့ အဲဒီဒေသမှာ ပါဝင်တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို အဓမ္မခေါ်ယူစုဆောင်းတာတွေ၊ အတင်းကြပ်ပေါ်တာဆွဲထားတဲ့ ပြည်သူ့စစ်တွေနဲ့ အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ လေးကေ့ကော်ဒေသကို စစ်ကောင်စီတပ်က အင်အား ၁၂၀၀ နဲ့ စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး အများစုမှာ စစ်မှုထမ်းဥပဒေနဲ့ ခေါ်ဆောင်လာတဲ့ တပ်သားသစ်တွေဖြစ်တယ်လို့ တော်လှန်ရေးပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောက ပြောထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ PDFပူးပေါင်းတပ်စစ်ကြောင်းတွေက လေးကေ့ကော်မြို့သစ်ကို ခုခံကာကွယ်နေတာဖြစ်ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴