လှည်းကူးမြို့နယ်ရှိ ခရိုင်ထွေ/အုပ်ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

လှည်းကူးမြို့နယ်ရှိ ခရိုင်ထွေ/အုပ်ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား
ရန်ကုန်၊ ဇန်နဝါရီ ၃
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ခရိုင်ထွေ/အုပ်ရုံးကို ဖောက်ခွဲ တိုက်ခိုက်ရာ ရုံးစောင့် ပျူစောထီးများ ထိခိုက်မှုရှိကြောင်း Yangon Army မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် လှည်းကူးမြို့ နယ်၊ ပဲခူးကားလမ်းမကြီးဘေးရှိ စစ်တပ်၏ တရားမ၀င်ရွေးကောက်ပွဲကို ဦးဆောင် ပါ၀င်လုပ်ဆောင်နေသော ခရိုင် အထွေထွေအုပ်ချူပ်ရေးမှူးရုံးကို ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ထွေ/အုပ်ရုံးတွင် ရုံးစောင့် လုပ်ကိုင်နေသော ပျူစောထီးများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ လုပ်စရာရှိတာအကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ပြည်သူတွေကတရားမဝင်ရွေးကောက်ပွဲကို အသိ အမှတ်မပြုရင်ဘဲ ကျနော်တို့ကျေနပ်နေပါပြီ။ အဲဒီထွေ/အုပ်ရုံးမှာ စစ်ခွေးတွေတော့မရှိဘူး။ ပျူစောထီးတွေပဲ စောင့်နေကြတာ မိုင်းကွဲတာပြင်းတယ်။ မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထွေ/အုပ်ရုံး ထိခိုက်ပျက်စီးသွားတာမျိုးရှိတယ်။ အဲ့အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ခွေးကောက်ပွဲမှာ ဦးဆောင်လုပ်ကိုင်တာကြောင့် တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှု အရေအတွက်ကိုတော့ အတိအကျမသိနိုင်ဘူး။ ကျနော်တို့က တိုက်ခိုက်ပြီး တာနဲ့ချက်ချင်းပြန်ဆုတ်ခဲ့ရတာ” ဟု Yangon Army မှ တာဝန်ရှိသူက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်နှင့် ပတ်သက်သော ပစ်မှတ်များ၊ ၎င်းတို့ ပြုလုပ်မည့် တရားမ၀င်ရွေးကောက်ပွဲနှင့်ပတ် သက်ပြီး ပါ၀င်လုပ်ကိုင်နေကြသူများကို အပြင်းအထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Yangon Army က သတိပေးထားသည်။
ဓာတ်ပုံ- ရန်ကုန်ရှိ ထွေ/အုပ်ရုံးများတွင် လုံခြုံရေးယူနေသည့် အကြမ်းဖက်စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)