စစ်တပ်ရွေးကောက်ပွဲက တည်ငြိမ်အေးချမ်းမှုကို ဆောင်ယူပေးနိုင်ဖို့တရုတ်မျှော်လင့်ဟုဆို
ဒီဇင်ဘာ-၃၀၊၂၀၂၅။ People’s Spring

အာဏာသိမ်း စစ်တပ်က ဦးဆောင်ပြီး ကျင်းပနေတဲ့ မြန်မာ့ ရွေးကောက်ပွဲဟာအမျိုးသားရင်ကြား
စေ့ရေးနဲ့ နိုင်ငံတည်ငြိမ်အေးချမ်းမှုတွေကို ပြန်
လည် ဆောင်ယူလာပေးနိုင်ဖို့ မျှော်လင့်ကြောင်း တရုတ် အစိုးရက ပြောပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေး
ဆိုခွင့်ရ ပုဂ္ဂိုလ် လင်ကျန်းက ရွေးကောက်ပွဲကနေတဆင့် မြန်မာနိုင်ငံ ပြန်လည် တည်ငြိမ်လာစေဖို့ မျှော်လင့်ထားကြောင်း ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ပြောကြားခဲ့ပြီး လက်ကျန် ရွေးကောက်ပွဲ အဆင့်တွေကိုလည်း ချောချောမွေ့မွေ့ ကျင်းပပြီးစီးနိုင်ရေး တောင်းဆိုခဲ့ပါတယ်။
“လာမယ်ဒုတိယပိုင်းနဲ့ တတိယပိုင်းရွေးကောက်ပွဲအစီအစဉ်တွေကိုလည်း ချောချောမွေ့မွေ့နဲ့ ရှေ့
ဆက်နိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ အဲဒီကနေတဆင့် မြန်မာနိုင်ငံရဲ့တည်ငြိမ်မှုကိုပြန်လည်ဆောင်ယူလာပေးနိုင်ပြီး တင်းမာမှုတွေကိုလည်း လျှော့ချနိုင်ဖို့ပါ မျှော်လင့်ပါတယ်။မြန်မာ့ နိုင်ငံ
ရေး အခြေအနေတွေကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စေပြီး အဲဒီကနေတဆင့် ပိုမိုစုံလင် ကျယ်
ပြန့်တဲ့၊ တည်ငြိမ်တဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်ထွန်းလာပြီး အမျိုးသား ရင်ကြားစေ့ရေး၊ ပြန်လည် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေကို အ
မြန်ဆုံး ပြန်ရလာဖို့လည်း မျှော်လင့်ပါတယ်” လို့လင်ကျန်းကဆိုပါတယ်။
ကုလသမဂ္ဂနဲ့ ဒီမိုကရေစီ နိုင်ငံအများစုကတော့ စစ်တပ်ကြီးမှူးတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှုတွေ ကင်းမဲ့တဲ့ အတုအယောင် တစ်ခုသာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
ပြည်သူအများစုကစစ်တပ်ရွေးကောက်ပွဲကိုမဲ
မပေးကြသလို စစ်တပ်ရွေးကောက်ပွဲလုပ်နေချိန် နိုင်ငံရဲ့ အစိတ်အပိုင်းများစွာမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
နေပြည်တော်က မဲရုံ ၆ ရုံကိုလေ့လာခဲ့တယ်ဆိုတဲ့
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းကလည်း
“အထူးသဖြင့်ကတော့ ရွေးကောက်ပွဲတွေ ဖော်ဆောင်တယ်ဆိုတာ ကျွန်တော်တို့ သမ္မတကြီး ရှီကျင့်ဖျင်နဲ့ မြန်မာနိုင်ငံ ယာယီသမ္မတကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ကြားမှာထားရှိတဲ့ သဘောတူညီမှု၊ တရုတ်-မြန်မာကြား ပူးပေါင်းဆောင်ရွက်မှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။တရုတ်-မြန်မာကြား ပူးပေါင်း ဆောင်ရွက်မှုတွေကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာဆိုရင် ပူးပေါင်း ဆောင်ရွက်မှုတွေ များစွာလုပ်နေတာဖြစ်ပြီးတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကိုလည်း ထောက်ပံ့ကူညီမှုတွေ များစွာ ပြုလုပ်လျက်ရှိပါတယ်”လို့ စစ်တပ်ဝါဒဖြန့်သတင်းစာတွေကဖော်ပြပါတယ် ။
စစ်တပ်ရွေးကောက်ပွဲ၊ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်သူတွေရဲ့ မှတ်ချက်ပေးပွဲဆိုပြီး တိန့်ရှီးကျွင်းရဲ့ပြောစကားကိုဒီဇင်ဘာလ ၃၀ ရက်ထုတ် စစ်တပ်ဝါဒဖြန့်သတင်းစာတွေကဖော်ပြထားခြင်းဖြစ်ပါတယ်။
ဒါအပြင် “ယခုရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ အောင်မြင်တယ်လို့ ယူဆပါတယ်”လို့လည်းဆိုပါတယ် ။
၂၀၂၁ စစ်တပ်အာဏာမသိမ်းခင်ရက်ပိုင်းအလိုမှာ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကို လာတွေ့ခဲ့တဲ့တရုတ်အစိုးရဟာ စစ်တပ်အာဏာသိမ်းပြီးစနှစ်တွေမှာ အာဏာသိမ်းစစ်တပ်ကို အသိအမှတ်မပြုသလို မထောက်ခံသလိုခပ်ခွာခွာနေပြခဲ့ပါတယ် ။ ၂၀၂၄ သြဂုတ်လမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ တော်လှန်ရေးတပ်တွေက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကိုသိမ်းပိုက်လိုက်ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ယီက နေပြည်တော်ကိုရောက်လာပါတယ်။ နေပြည်တော်မှာရော ထိုင်းမှာပါမြန်မာ့
အရေးပြည်ပအင်အားစုတွေဝင်ရောက်စွက်ဖက်ခွင့်မပြုဘူး ဆိုတဲ့အချက်အပါအဝင်စည်းသုံးစည်းဆိုပြီး တရုတ်အစိုးရက မြန်မာ့အရေးကို ပေါ်ပေါ်တင်တင်စွက်ဖက်လာခဲ့တာဖြစ်ပါတယ်။
တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာက မြန်မာပိုင်းကလည်းစစ်တပ်ရွေးကောက်ပွဲကို မင်းအောင်လှိုင်မဲပေးနေတဲ့ဓါတ်ပုံအပါအဝင် သတင်းဓါတ်ပုံများစွာနဲ့”မြန်မာမဲဆန္ဒရှင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် မျှော်လင့်ချက်အသစ်ဖြင့် မဲပေး” လို့ခေါင်းစီးတပ်ပြီး စစ်တပ်ရွေးကောက်ပွဲ အပိုင်း(၁) ကောင်းကြောင်းများရေးသားဝါဒဖြန့်ချီထားတာတွေ့ရပါတယ်။
အဆိုပါသတင်းအောက်တွင် မြန်မာများက တရုတ်အစိုးရလုပ်ရပ်အပေါ်ပြင်းထန်စွာဝေဖန်နေကြတာကိုလည်းတွေ့ရပါတယ် ။
“မြန်မာလိုရေးပြီး တရုတ်ပြည်ကပိတ်ထားတဲ့ Facebook နဲ့ စကစအာဘော်ကိုဝါဒဖြန့်ပေးနေတာကြည့်ရင် တော်တော် supporting ကောင်းတဲ့ဆွေမျိုးပေါက်ဖော်တွေပဲနော်။”လို့ပြည်သူတဦးကရေးသားထားပါတယ်။
အခြားပြည်သူတဦးကလည်း “မြန်မာနိုင်ငံရွေးကောက်ပွဲမှာ အနိုင်ရသွားသူက နိုင်ငံတကာကို ပတ်ရှုတ်နေတဲ့ တရှုတ်နိုင်ငံ ဖြစ်ပါတယ်”လို့ရေးသားမှတ်ချက်ပြုပါတယ်။
“တရုတ်က မြန်မာပြည်ကိုထာဝရကျွန်ပြုဖို့အ
တွက် ပထမအပိုင်လုပ်ပြီးပြီးလိုကြွေးကြော်တာလား”လို့ ပြည်သူတဦးကမှတ်ချက်ပြုပါတယ်။
“အတုအယောင်ရွေးကောက်ပွဲထောက်ခံတဲ့အယုတ်တမာအာဏာရှင်(၉)နိုင်ငံမှာတရုတ်ကထိပ်ဆုံးကဘဲ..ငါတို့ပြည်သူတွေဘယ်တော့မှမမေ့ဘူး။”လို့ပြည်သူတဦးကပြောထားပါတယ်။
တရုတ်အစိုးရက ရွေးကောက်ပွဲအပြီးတည်ငြိမ်အေးချမ်းမှုရဖို့မျှော်လင့်တယ်ဟုဆိုပေမယ့် ဒီဇင်ဘာလနောက်ဆုံးပါတ်မှာ ဗန်းမော်တိုက်ပွဲ ၊ဘုတလင်တိုက်ပွဲ ၊စလင်း ၊ဆင်ဖြူကျွန်းတိုက်ပွဲ ၊ကသာတိုက်ပွဲ ၊ဖားဆောင်းတိုက်ပွဲ စသဖြင့်ဒေသအများစုမှာတိုက်ပွဲတွေ ပိုပြင်းထန်လာပါတယ်။
ကိုးကား-Anadolu Ajansi
(အာဏာသိမ်းခေါင်းဆောင် နဲ့ တရုတ်အစိုးရ အာရှရေးရာအထူးကိုယ်စားလှယ်အပါအဝင်စစ်တပ်ရွေးကောက်ပွဲလေ့လာသူဆိုသူများ။ဓါတ်ပုံ-စစ်ကောင်စီ)