နွေဦးတော်လှန်ရေးတွင် အင်အားစုစည်းညီညွတ်မှုဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်သို့ ချီတက်ကြရန် KIO/KIA ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် သတိပေးတိုက်တွန်း
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေးတွင် အင်အားစုစည်းညီညွတ်မှုဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည် ဆောက် ရေး ပန်းတိုင်သို့ ချီတက်ကြရန် KIO/KIA ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က တော်လှန်ရေးအင်အားစုများသို့ သတိပေးပြောဆိုသည်။
ယမန်နေ့ ပြုလုပ်သည့် ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောဆိုစဉ် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က အထက်ပါအတိုင်း သတိပေးပြောဆိုလာခြင်းဖြစ်သည်။
တော်လှန်ရေးမှာ မတရားမှုကို တွန်းလှန်နေခြင်းဖြစ်ပြီး အင်အားစုစည်းမှုမှာ အလွန်အရေးကြီးကြောင်း၊ စုစည်းမှု အင်အားမှာ ခွန်အားအစစ်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောဆိုသည်။
” တော်လှန်ရေးလို့ပြောတာကတော့ မတရားမှုကို တွန်းလှန်တဲ့ ဝေါဟာရဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ တော် လှန်ရေးသမားတွေ ဖြစ်တယ်လို့ ခံယူတာနဲ့အညီ ကျနော်တို့က မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေဖို့လိုအပ်ပါတယ်။ နောက်တစ်ချက်ကတော့ စုစည်းဖို့ အရေးကြီးပါတယ်။ ရန်သူကို ကျနော်တို့က လက်နက်အင်အား အခြားသော အင်အားများနဲ့ ယှဉ်ဖို့ဆိုတာ ခက် ခဲပါတယ်။ အမှန်တရားပေါ်မှာ ရပ်တည်ပြီး စုစည်းတဲ့ ခွန်အားကပဲ တကယ့်ခွန်အား အစစ်အမှန်ဖြစ်ပါတယ်ဆိုတာ ကျနော်တို့ အမြဲတမ်း သတိချပ်ဖို့လိုပါတယ်။ ကျနော်တို့ တိုက်ပွဲတွေ အချိန်တော်တော်များများ ဆင်နွှဲခဲ့ကြပါပြီ။ စခန်းသိမ်းတာတို့ ကိုယ့်ဘက်က အနိုင်ရတာတို့ ကိုယ့်ဘက်က အရေးနိမ့်တာတို့ အများကြီးရှိပါတယ်။ အောင်ပွဲဆိုတာကတော့ နောက်ဆုံး အဆုံးအဖြတ်မှာ ထွက်ပေါ်လာတဲ့ အဖြေက အောင်ပွဲဖြစ်ပါတယ်။ ကျနော်တို့ ဟာ တူညီတဲ့ပန်းတိုင် ရှိပြီးသားဖြစ်တယ်လို့ ယုံကြည်ပါတယ်။ တော်လှန်တယ် ၊ မတရားမှုကို ကျနော်တို့ တော်လှန်တယ်။ ဒါ ကျနော်တို့ရဲ့ အစ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပန်းတိုင်ကတော့ တကယ်စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ ပန်းတိုင်ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ က ဘယ် ကနေ စပြီး ဘယ်မှာ အဆုံးသတ်မလဲဆိုတာ အတိအကျ ရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒီလို မှန်ကန်တဲ့ လမ်းကြောင်းပေါ် သွားတဲ့အခါမှာ ကျနော်တို့ စုစုစည်းစည်းနဲ့ တစ်ဖက်နဲ့ တစ်ဖက် တစ်ယောက်နဲ့ တစ်ယောက် အချိတ်အဆက် မိမိ နားလည်မှု အပြည့်နဲ့ ဆောင်ရွက်ဖို့ လိုပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောဆိုသည်။
မြန်မာနိုင်ငံဟု ပေးထွန်းလာချိန်ကတည်းက တစ်စုတစ်စည်း မတည်ဆောက်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ယနေ့ အချိန် ဖရိုဖရဲဖြစ်နေရကြောင်း၊ ယခု နွေဦးတော်လှန်ရေးသည် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အခွင့်အရေးတစ်ခုဖြစ်ပြီး အခင်း အကျင်းအသစ်လည်းဖြစ်ကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့များအကြားနားလည်မှု နှင့် ညီညွတ်မှု အထူးလိုအပ်ကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးနှင့်အတူ အနာဂတ်အတွက်တည်း တည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ဒီတစ်ကြိမ် နွေဦးတော်လှန်ရေးဟာ အစီအစဉ်တကျ တော်လှန်ပြီး အစီအစဉ်တကျ ကျနော်တို့ရဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စုကို တည်ဆောက်ဖို့အတွက် အခွင့်အရေး တစ်ခုဖြစ်ပါတယ်။ အခင်းအကျင်းအသစ်ဖြစ်ပါတယ်။ ဒီလို အခင်း အကျင်းအသစ်မှာ ကျနော်တို့ဟာ စိတ်ဓာတ်ခွန်အား ကာယခွန်အား အားလုံးကို အရင်းအနှီးပြုပြီး တော်လှန်နေတဲ့တစ်ချိန်တည်းမှာပဲ ကျနော်တို့ ဘာတွေလိုချင်လဲ ကျနော်တို့ ဘာတွေ တစ်ဖက်နဲ့ တစ်ဖက် နား လည်မှု ပေးရမလဲဆိုတဲ့အပိုင်းကိုလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ဖြစ်ပါတယ်။ ဒါကြောင့် ခုနက ခေါင်း ဆောင်များ မိန့်ကြားသလိုပဲ တစ်ဖက်က လက်နက်ကိုင်တော်လှန်ရေး တစ်ခုတည်း လုပ်တာမဟုတ်ဘဲနဲ့ကျနော်တို့ရဲ့ အနာ ဂတ် တည်ဆောက်နေတဲ့အချိန်ဖြစ်တယ်ဆိုတာကိုတော့ အမြဲတမ်း ကျနော်တို့ဒါကို သတိချပ်ပြီးမှ တည်ဆောက်နေဖို့ လိုပါတယ်” ဟု သူက ဆက်ပြောသည်။
အင်အားစုစည်းညီညွတ်ရေးလုပ်ဆောင်ရာတွင် အားမလို အားမရဖြစ်မှုများရှိကြောင်း၊ သို့ရာတွင် အခက်အခဲများ ရှိနေလင့်ကစား စုစည်းညီညွတ်မှုကသာ အောင်မြင်မှုကို ဆောင်ယူပေးနိုင်မည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ထပ်မံ သတိပေးပြောဆိုသည်။
” ဒီကနေ့ ကျနော်တို့ အင်အားတွေကို စုစည်းဖို့ ပြောတဲ့အခါမှာ တစ်ခါတစ်လေမှာ ကျနော်တို့ဆီမှာ အားလုံး အားမရပါဘူး။ ကျနော်တို့ တိုင်းရင်းသားလူမျိုးတွေ အသီးသီးမှာ ဒါ ငြင်းပယ်လို့ မရတဲ့အချက်ဖြစ်ပါတယ်။ ကျနော်တို့ စုစည်းဖို့ လိုပါတယ်။ ချောင်းလေး တစ်ချောင်းမှာ ရှိတဲ့ ရေနေသတ္တဝါတွေကတော့ နည်းပါတယ်။ ချောင်းတွေ ၃ ၊ ၄ ချောင်း အများကြီး ပေါင်းစည်းပြီး မြစ်ကြီးဖြစ်လာတဲ့ ဧရာ၀တီမြစ်ကြီးမှာ ရှိနေတဲ့ ရေနေသတ္တဝါတွေက ပိုပြီးများပါတယ်။ ပိုပြီး အကျိုးပြုနိုင်ပါတယ်။ ပိုပြီးတော့မှ အကျိုးရှိစွာနဲ့ ဧရာ၀တီမြစ်ကြီးကို အသုံးချနိုင်သလိုပဲ ကျနော်တို့ အင်အားတွေကို စုစည်းလို့ရှိရင် တစ်နိုင်ငံလုံးကို ကျနော်တို့ အကျိုးပြုနိုင်တဲ့ ဝန်ဆောင်မှု ပေးနိုင်တဲ့ မြစ်ကြီး တစ်စီး ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ခုနက ပြောသလိုပဲ ကျနော်တို့ တိုက်ပွဲတွေ အများကြီး ဆင်နွှဲတဲ့အခါမှာ ကျနော်တို့ရဲ့ အရင်းအမြစ်တွေ ဘယ်လောက်လိုအပ်လဲဆိုတာကလည်း ကျနော်တို့ သိပြီးသားဖြစ်တယ်။ ဒီလို ကြီးမားတဲ့ အရင်းအမြစ်တွေ ကိုလည်း တစ်ဖွဲ့ချင်း ပြည်နယ် တစ်ခုချင်း အလိုက် ဆောင်ရွက်နေလို့မရပါဘူး။ စုစည်းဖို့လိုပါတယ်။ စုစည်းတယ်လို့ ပြောတဲ့အခါမှာ ဘယ်သူက အထက်လဲ ဘယ်သူကအောက်လဲဆိုတဲ့ အတွေးအခေါ်တွေက ကျနော်တို့ကို ခဏခဏ အနှောင့်အယှက်ပေးပါတယ်။ ဒီလိုဟာမျိုးကို အဖွဲ့ကြားထဲကို ခေါင်းထဲကို ရိုက်သွင်းတဲ့ ဟာတွေကို နားထောင်လို့ မရပါဘူး။ စုစည်းရမယ်။ တာဝန်ကိုယ်စီရှိတယ်ဆိုတဲ့ဟာကိုလည်း သတိချပ်ဖို့လိုပါတယ်။ ကျနော်တို့ တော် လှန်ရေးက အဆုံးမှာ တကယ်ပဲ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက် အတိအကျ ရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီကနေ့ ကျနော်တို့ မမှိတ်မသုန်သွားဖို့လိုပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောဆိုသွားသည်။