AA သိမ်းပိုက်ထားသော သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၇ ဦးသေဆုံး

AA သိမ်းပိုက်ထားသော သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၇ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ရခိုင်ပြည်တွင် AA သိမ်းပိုက်ထားသော သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၇ ဦးသေဆုံး ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media ၏ သတင်းဖော်ပြချက်နှင့် ဒေသပြည်သူတချို့၏ ပြောဆိုချက်များအရ သိရှိရသည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီကျော်အချိန် သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်နှင့် ကျင်းကန်ကြီးရပ်ကွက်တို့ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုအတွင်း ကလေးငယ် ၁ ဦး အပါအ၀င် ပြည်သူ ၇ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူများမှာ ငပလီမြို၊လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးရွာမှ နွယ်နွယ်မျိုး၊ တင်မြင့်၊ သုံးပုံ၊ ဝင်းဝင်းရွှ၊ အငယ်၊ စိုး‌ကျော်ဝင်း နှင့် အခြား ၁ ဦးတို့ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများမှာ မောင်ထွန်းထွန်းဝင်း (၁၃ နှစ်)၊ ကိုကျော်ဝင်းနိုင်(၂၀ နှစ်)၊ ဦးဝင်းနိုင်(၅၆ နှစ်)၊ ဦးမောင်မောင်နိုင်(၃၁ နှစ်)၊ ဦးမောင်ငို(၃၅ နှစ်) ၊ ဦးသိန်းထွန်းဦး(၄၈ နှစ်)၊ ဦးကိုလင်း(၄၈ နှစ်)၊ ဦးဖိုးဝင်း(၇၃ နှစ်)၊ ကိုအေးမင်းထွန်း(၂၆ နှစ်)၊ဦးမောင်သာဖြူ (၄၆ နှစ်)၊ ဒေါ်ဝင်းဝင်းဇော်(၃၁ နှစ်)၊မနွယ်နွယ်ဦး (၂၃ နှစ်)၊ ဒေါ်ပပလင်း (၄၈ နှစ်)၊ ဒေါ်ပုံချီ (၆၃ နှစ်)၊ ဒေါ်မတင်(၈၁ နှစ်) တို့ဖြစ်ကြကြောင်း သိရှိရသည်။
“ငပလီမြို့မှာ ပြည်သူတွေ ပြန်လည် နေထိုင်နေကြတာပါ။ သံတွနဲ့ ငပလီကို စစ်ရေယာဉ်နဲ့ လာပစ်တာ၊ လေကြောင်းနဲ့ ဗုံးကျဲတာက မကြာခဏရှိတယ်။ မနေ့ညကတော့ ရှောင်ချိန်တောင် မရလိုက်ကြဘူးလို့ သိရတယ်” ဟု ငပလီမြို့မှ ဒေသခံများနှင့် အချိတ် အဆက်ရှိနေသော ရန်ကုန်အခြေစိုက် ရခိုင်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
အလားတူ ဒီဇင်ဘာလ ၂၅ ရက်တွင်လည်း အာဏာသိမ်း စစ်ကောင်စီမှ သံတွဲမြို့နယ် ရွာရှည်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။
ထို့အတူ ဒီဇင်ဘာလ ၁၀ ရက် ညပိုင်းကလည်း အရပ်သားပြည်သူများ ဆေးကုသရာနေရာ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျန်းမာရေးဝန်ထမ်းများအပါအဝင် လူနာ စုစုပေါင်း ၃၃ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၇ ဦးအထိ ရှိခဲ့သည်။
ဓာတ်ပုံ- APM။