တိုင်းရင်းသား ခေါင်းဆောင်များ ပိုမို ပါဝင်သော အသွင်ကူးပြောင်းရေးကာလအစိုးရ ဖြင့် NUG အစိုးရကို အစားထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိဟု ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးပြော
ရန်ကုန်၊ ဒီဇင်ဘာ ၃၀
တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များ ပိုမို ပါဝင်သော အသွင်ကူးပြောင်းရေးကာလအစိုးရ ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကို အစားထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း NUG ဝန်ကြီး ချုပ်ရုံးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောဆိုလိုက်သည်။
NUG ၏ ပြန်ကြားရေးဖြစ်သော PVTV သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဝန်ကြီးဒေါက်တာ ဇော်ဝေစိုးက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။
NUG အစိုးရက ပြုပြင်ပြောင်းလဲရေးကို အဆင့် ၃ ဆင့် ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ NUG အတွင်း ပြုပြင်ပြောင်းလဲရေး အဆင့် ၁ အဖြစ် ကျစ်လျစ်ပြီး မြေပြင်ကို ပိုမိုထိတွေ့နိုင်သော အစိုးရအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ကြောင်း၊ အဆင့် ၂ အနေဖြင့် ဖက်ဒရယ် ယူနစ်များဖြင့် ချိတ်ပြီး စီမံအုပ်ချုပ်ရေးအာဏာများကို ခွဲဝေသွားမည်ဖြစ်ကြောင်း၊ အဆင့် ၃ တွင်မူ တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များ ပါဝင်သော အသွင်ကူးပြောင်းရေးကာလ အစိုးရကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သူက ရှင်းပြသည်။
“စည်းလုံးညီညွတ်ရေး၊ တစ်ဦးနဲ့ တစ်ဦး စုစုစည်းစည်း ကျနော်တို့ တော်လှန်ရေးကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များနဲ့ စောစောကလို တော်လှန်ရေးထဲမှာ ခေါင်း ဆောင်များနဲ့ နီးနီးကပ်ကပ်နေပြီးတော့ ဖက်ဒရယ် ဦးဆောင်မှုပြုနိုင်တဲ့ ခေါင်းဆောင်မှုပြုနိုင်တဲ့ အဖွဲ့အစည်း အခင်းအကျင်းမျိုးပေါ်ပေါက်လာဖို့ အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါဟာ Reform မှာ ၃ လအတွင်း အကောင်အထည်ဖော်ဖို့ စဉ်းစားဆုံးဖြတ် ဆွေးနွေးတိုင်ပင်ထားတဲ့ အချက်တွေ ဖြစ်ပါတယ်။ တကယ်တော့ ဒီအချိန်မှာ တော်လှန်ရေး ခေါင်းဆောင်တွေ အထူးသဖြင့်တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်တွေ ထဲထဲဝင်ဝင်ပါဝင်ပြီးတော့ ဦးဆောင်မှု ပြုတဲ့ ပြုပြင်ပြောင်းလဲရေးကို ကျနော်တို့ လိုချင်တာဖြစ်ပါတယ်။ ဒါကြောင့်လည်းကျနော် ပြန်လည် ရောက်ရှိလာတဲ့အခါမှာ Reform ထဲက ဆုံးဖြတ်ချက်အတိုင်းပဲ တိုင်းရင်းသားတော်လှန်ရေးခေါင်း ဆောင်တွေနဲ့ ပွင့်ပွင့်လင်းလင်း ကျနော်တို့ မေးခဲ့ ဆွေးနွေးခဲ့ပြီးဖြစ်တယ်။ ဒါပေမယ့် ပေးထားချက်တွေအရ အခုထက်ထိ တော်လှန်ရေး ခေါင်းဆောင်များ တိုင်းရင်းသားခေါင်းဆောင်များ ထဲထဲဝင်ဝင်ပါဝင်နိုင်ခြင်းမရှိသေးတာကို အားမလို အားမရ ဖြစ်စရာ တွေ့ရပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ဆိုသည်။
Reform အဆင့် ၃ ဆင့်ပြီးလျှင် ပြည်သူလူထုလိုချင်သော တော်လှန်ရေး ပန်းတိုင်ဆီသို့ တဖြည်းဖြည်း ချီတက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ တိုင်းရင်းသားများ အားလုံးပါဝင်သော ပြုပြင်ပြောင်းလဲရေး သို့ ရောက်ရှိရန် ရေတိုဖြင့် မရဘဲ ရေလတ်ကာလတွင် ရည်မှန်းထားကြောင်း သူက ရှင်းပြသည်။
“တိုင်းရင်းသား ခေါင်းဆောင်များပါဝင်တဲ့ ပိုပြီးတော့ အားကောင်းတဲ့ အခင်းအကျင်းမျိုးရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီကနေ နောက်ဆုံး အဆင့် ၃ အနေနဲ့ ရေလတ်ဖြစ်မှာပေါ့။ ရေတိုတော့ မဖြစ်နိုင်ဘူး။ ရေလတ်မှာတော့ အသွင်ကူးပြောင်းရေးအစိုးရ NUG ဆိုတာ အစားထိုးပြီးတော့ NUG ရဲ့နေရာမှာ အစားထိုးပြီးတော့ အသွင်ကူးပြောင်းရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး ခေါင်း ဆောင်များ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ဒီနေ့ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်နေတဲ့အဖွဲ့အစည်းများ ဖက်ဒရယ် ယူနစ်အသီးသီးကနေပြီးတော့ ပါဝင်မှုအားကောင်းကောင်းနဲ့ အသွင်းကူးပြောင်းရေးကာလ အစိုးရ ဖွဲ့စည်းဖို့ စီစဉ်ထားရှိပါတယ်။ ဒါကြောင့် အဆင့် ၁၊ အဆင့် ၂ ၊ အဆင့် ၃ အနေနဲ့ သွားမှာဖြစ်ပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ရှင်းပြသည်။
NUG အစိုးရက ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဝန်ကြီး၊ ဒုဝန်ကြီး တချို့ကို ရာထူးမှ အနားပေးပြီး ဝန်ကြီး ဌာနတချို့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းကာ ဌာနဆိုင်ရာ အရေအတွက်ကိုလည်း လျှော့ချခဲ့ကြောင်း သိရှိရသည်။