ဗန်းမော်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ခလရ ၄၇ ဗျူဟာမှူး၊ စနခ ၆၄၁ တပ်ရင်းမှူး၊ ဒုတပ် ရင်းမှူး အပါ အဝင် စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ မြစ်ကြီးနားလေတပ်ကို အသေခံဒရုန်းများဖြင့် ဒုတိယနေ့အဖြစ် ထပ်မံ တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၂၆
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA က ယမန်နေ့မှစတင်၍ စတင်လိုက်ပြီး စစ်တပ်ဘက်မှ အမှတ် ၄၇ ခြေလျင် တပ်ရင်း(ခလရ ၄၇) ဗျူဟာမှူး၊ အမှတ် ၆၄၁ စစ်လက် နက်ပစ္စည်းတပ်ခွဲ (စနခ ၆၄၁) ၏ တပ်ရင်းမှူးနှင့် ဒုတပ် ရင်းမှူး အပါအဝင် စစ်တပ်ဘက်မှ အရာရှိနှင့်စစ်သည်များ သေဆုံးမှုများပြားကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ ခရစ္စမတ်နေ့တွင် KIA က ဗန်းမော်မြို့သိမ်းတိုက်ပွဲကို တစ်ကျော့ပြန် ထိုးစစ်ဆင် စတင်လိုက်ပြီးနောက် စစ်တပ်ဘက်မှ အရာရှိကြီးများဖြစ်သည့် ခလရ ၄၇ ၏ ဗျူဟာမှူး၊ စနခ ၆၄၁ ၏ တပ်ရင်းမှူးနှင့် ဒုတပ် ရင်းမှူးတို့ သေဆုံးသွားကြခြင်းဖြစ်ပြီး အခြားသော စစ်သားများလည်း သေဆုံးမှုများပြားကြောင်း သိရှိရသည်။
“ကျနော်တို့ အတည်ပြုလို့ရတာက ခလရ ၄၇ ဗျူဟာမှူး သေတာအတည်ပြုလို့ရပြီ။ စနခ ၆၄၁ ၏ တပ်ရင်းမှူးနှင့် ဒုတပ် ရင်းမှူးသေတာလည်း အတည်ပြုလို့ရတယ်။ တိုက်ပွဲဖြစ်တာက ခလရ ၄၇ နဲ့ စကခ ၂၁ အကြားမှာဖြစ်တာ။ ခလရ ၄၇ နဲ့ကပ်ရပ်ပိုနီးတယ်။ စစ်သားတွေလည်း သေတာများတယ်။ အရေအတွက်တော့ မသိရသေးဘူး” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ယင်းအပြင် ယနေ့နံနက်ပိုင်း ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားရှိ လေတပ်စခန်းဌာနချုပ်ကို KIA က အသေခံဒရုန်းများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ပြီး ဒုတိယနေ့အဖြစ် ထပ်မံတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည် ။
“မြစ်ကြီးနား လေတပ်စခန်းကို ငါတို့ဘက်က အသေခံဒရုန်းနဲ့သွားတိုက်တာ။ နောက်ထပ် တိုက်လေယာဥ် ၁ စင်းထပ်ထိတယ်လို့တော့ကြားပေမယ့် အတည်ပြုလို့မရသေးဘူး။” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။
ယမန်နေ့ နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ပေါ်ရှိ လေတပ်စခန်းဌာနချုပ်ကို KIA ကအသေ ခံဒရုန်းများဖြင့် စစ် ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ရာ စစ်တပ်၏ Mi-17 ရဟတ်ယာဉ် ၁ စီးနှင့် K 8W တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွားခဲ့သည်။