မှော်ဘီမြို့နယ်နှင့်လှိုင်သာယာမြို့နယ်တို့တွင် ရွေးကောက်ပွဲနှင့်ပတ်သက်ဆက်စပ်နေသော ပစ်မှတ်များကို ဗုံးခွဲတိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၂၆


ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ ပြည်သူ့ရှေ့ဆောင်ပါတီ-PPP ပါတီရုံးတွင် ပါတီဝင်များနှင့် ပျူစောထီးများ သောက်စားမူးရူးနေစဉ် ဗုံးခွဲ တိုက်ခိုက်ရာ ထိခိုက်မှုရှိနိုင်ကြောင်း Yangon Army (YA) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်ခန့်အချိန် မှော်ဘီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တရားမ၀င်ရွေးကောက် ပွဲကို ပူးပေါင်းပါ၀င်လုပ်ဆောင်နေသော PPP မြို့နယ်ပါတီရုံး၏ ရုံးစောင့်ပါတီ၀င်များနှင့် ပျူစောထီးများ သောက်စားမူးရူးနေစဉ် ပြင်းအားမြင့်မိုင်း ၂ လုံး ၊လက်ပစ်ဗုံး ၁ လုံးတို့ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုဖောက်ခွဲ တိုက်ခိုက်မှုအတွင်း PPP မြို့နယ် ပါတီဝင်များနှင့် ပျူစောထီးများ ထိခိုက်မှုရှိနိုင်ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
” PPP ပါတီက ကောင်တွေ အရက်ဝိုင်းဖွဲ့နေကြတာ ထိခိုက်မှုကတော့ရှိတယ်။ ပျူတွေပါငှားထားတာ ရုံးစောင့် အနေနဲ့ အဲကောင်တွေက ကျနော်တို့က ဆက်တိုက် တိုက်ခိုက်နေမှာပါ။ မဲရုံစောင့် Non ဆရာမတွေလည်း သတိထားကြဖို့ ဘုရားဝတ်ပြုပြီးမှ သွားကြဖို့မှာချင်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း မဲရုံဆီကို လုံးဝမသွားကြဖို့ ထပ်မှာချင်ပါတယ်” ဟု Yangon Army (YA) မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖ တို့က ပူပေါင်းလုပ်ဆောင်ခဲကြောင်း၊ ဆက်လက်၍ စစ်ကောင်စီနှင့် ပတ်သက်သောပစ်မှတ်များ၊အကြမ်းဖက်စစ်ကောင်စီပြုလုပ်မည့် တရားမ၀င်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးပါ၀င်လုပ်ကိုင်နေကြသောသူများအား ဆက်လက်၍အပြင်းအထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Yangon Army (YA) မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
အလားတူ ယမန်နေ့ ညနေ ၆ နာရီအချိန် ရန်ကုန်တိုင်း၊လှိုင်သာယာအအနောက်ပိုင်းမြို့နယ်၊အမှတ် ၁၃ ရပ်ကွက်၊အုပ်ချုပ်ရေးမှူးရုံးအနီးသို့ The Blood Lineအဖွဲ့က မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့က သတင်းထုတ်ပြန်သည်။
ဗုံးခွဲတိုက်ခိုက်ခဲ့သော အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ စစ်ကော်မရှင်၏ တရား မဝင်ရွေးကောက်ပွဲအတွက်ပြည်သူများအပေါ် ဆန္ဒမဲပေးရန် ဖိအားပေးလျက်ရှိသော နေရာများဖြစ်ကြောင်း ၊အဆိုပါတိုက်ခိုက်မှုမှာ စစ်ကော်မရှင်၏ တရားမဝင်ရွေးကောက်ပွဲအတွက် ဖိအားပေးနေသော စစ်တပ်ဒေါက်တိုင်များကို နောက်ဆုံးအနေဖြင့် သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။