မကွေးတိုင်းမြို့ ၆ မြို့မှစစ်တပ်စခန်းတွေကိုထိုးစစ်ဆင်နေပြီး ဒေသခံပြည်သူတွေတိမ်းရှောင်ပေးရန်PDFမင်းဘူးခရိုင်စစ်ဌာနတာဝန်ရှိသူပြော
ဒီဇင်ဘာ-၂၅၊၂၀၂၅။မိုမို/People’s Spring
မကွေးတိုင်းက မြို့ ၆ မြို့ဖြစ်တဲ့ ဆိပ်ဖြူ၊ ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်း နဲ့ ပွင့်ဖြူမြို့တွေကစစ်တပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်တဲ့စစ်ဆင်ရေးစတင်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မင်းဘူးခရိုင်စစ်ဌာနတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ဒါကြောင့် အထက်ပါမြို့တွေက ဒေသခံပြည်သူတွေအနေနဲ့ ကြိုတင်စစ်ရှောင်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။
“စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာနဲ့ စစ်တပ်အုပ်ချုပ်မှုကို လက်မခံဘူးဆိုတာ ပြမယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ စလင်းမြို့နယ်၊ဆင်ဖြူကျွန်းမြို့နဲ့ ပွင့်ဖြူမြို့နယ်က စစ်တပ်ရဲ့ အထိုင်စခန်းတွေကို PDF တပ်ပေါင်းစုတွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မကွေးတိုင်း၊ဆင်ဖြူကျွန်းမြို့ကို အပြီးသတ်သိမ်း
ပိုက်သွားမယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်
ရေးအဖွဲ့(ပကဖ)က ဒီကနေ့ မနက်ပိုင်းက သတိ
ပေးထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စလင်း မြို့ပေါ်က သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးသူငယ်တွေလည်း ကြိုတင်ရွေ့ပြောင်းထားကြဖို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က အသိပေးပါတယ်။
အသင့်စားသုံးနိုင်တဲ့ အစားအသောက်၊ရေ၊ဆေး
ဝါး၊အရေးကြီးစာရွက်စာတမ်း၊ရွှေ၊ငွေ၊ဖုန်းတွေ ကိုပါ အဆင်သင့်သယ်ဆောင်ထားဖို့ တိုက်တွန်းထားပါတယ်။
“ပြည်သူတွေမြို့ကနေရှောင်ပြီးရင်အဆင်ပြေပြီဗျာ အခုကနှစ်ရက်ကြာတာကိုမထွက်ကြသေးလို့။ ဒီမနက်မှ စထွက်နေကြတုန်း။စစ်ရေးရလဒ်ကို အ
ဆင်ပြေတဲ့အချိန်ရောက်မှ အသိပေးမယ်”လို့ ဆင်ဖြူကျွန်းတိုက်ပွဲမှာရှိနေတဲ့ စစ်ရေးတာဝန်ရှိသူက ပြောပါတယ်။
မင်းဘူးခရိုင်စစ်ဌာန၊PDF ၊ပကဖနဲ့ မဟာမိတ်တပ်တွေ စုပေါင်းပြီး တပ်ပေါင်းစုအသွင်း နဲ့ မင်းဘူခရိုင်ထဲက မြို့တွေကစစ်တပ်စခန်းတွေကို တိုက်
ခိုက်နေတာလို့ သူက ဆိုပါတယ်။
ဆင်ဖြူကျွန်းမြို့တိုက်ပွဲမှာစစ်တပ်ကလေကြောင်း
ကနေ ဗုံးအလုံးရေ ၃၀၀ နီးပါးကြဲချထားပြီး မြေ
ပြင်တပ်တွေကပါ ဟောင်ဝှစ်ဇာတွေ နဲ့ခုခံနေတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းပိတ်မိနေတဲ့ ပြည်သူခုနစ်ဦးထက်မနည်းဟာ လေယာဥ်ဗုံး၊လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရထားပါတယ်။
ဒီကနေ့မနက်ကစလို့ ဆင်ဖြူကျွန်းမြို့ခံပြည်သူတွေဟာ မြို့ကနေ ရွှေ့ပြောင်းနေကြပါတယ်။
(ဆိပ်ဖြူ၊ ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူ မြို့ နဲ့အနီးဝန်းကျင်ကို Google Earth မှာတွေ့ရပုံ)