မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က တိုက်ခိုက်မှု ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီး၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် KIA ၏ထိုးစစ်အားလုံး ပြန်စတင်

မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က တိုက်ခိုက်မှု ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီး၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် KIA ၏ထိုးစစ်အားလုံး ပြန်စတင်
ရန်ကုန်၊ ဒီဇင်ဘာ ၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ လေတပ်စခန်းဌာနချုပ်ကို KIA က ယနေ့ နံနက်ပိုင်း တိုက်ခိုက်မှု တစ်ရပ်လုပ်ဆောင်ခဲ့ရာ ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွားကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ နံနက်ပိုင်း မြစ်ကြီးနားမြို့ပေါ်ရှိ လေတပ်စခန်းဌာနချုပ်ကို KIA က တိုက် ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းစစ် ဆင်ရေးအတွင်း စစ်တပ်၏ Mi-17 ရဟတ်ယာဉ် ၁ စီးနှင့် K 8W တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
“တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ် ပျက်စီးသွားတာတော့ မှန်တယ်။ တိုက်ခိုက်ခဲ့တာမှန်ပါတယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။
ယင်းအပြင် ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်း ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် နေရာအားလုံးတွင် ထိုးစစ်များကို KIA က ပြန်လည်စတင်လိုက်ကြောင်း သိရှိရသည်။
“ဗန်းမော်မှာက နေ့တိုင်းတိုက်ပွဲဖြစ်နေတာ။ ဒါပေမယ့် ဒီနေ့ကတော့ ဗန်းမော်နေရာအား လုံးမှာ ထိုးစစ်ပြန်စတင်တာဖြစ်တယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ရှိနေတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ KIA ပူးပေါင်းတပ်များက ဆင်နွှဲလာခြင်းဖြစ်ပြီး ယခုအခါ ၁ နှစ်ကြာ မြင့်လာပြီဖြစ်သည်။
ဓာတ်ပုံ- ယခုနှစ် မေလအတွင်း ဗန်းမော်မြို့နယ်သို့ စစ်ကူလာသော ရဟတ်ယာဉ် ၂ စီးကို KIA က FPV ဒရုန်းများဖြင့် တိုက်ခိုက် ချေမှုန်းခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

မြစ်ကြီးနားလေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်သည့်အနေဖြင့် KIO ဌာနချုပ် လိုင်ဇာကို စစ်တပ်က အသေခံဒရုန်းဖြင့် လေကြောင်း တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ကချင်ပြည်နယ်၊မြစ်ကြီးနားရှိ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို ယနေ့ နံနက်ပိုင်း KIA က တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် စစ်တပ်က KIO ဌာနချုပ် လိုင်ဇာကို အသေခံဒရုန်းဖြင့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လာကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၃ မိနစ်မှ မွန်းလွဲ ၁ နာရီ ၁၄ မိနစ်အချိန်အထိ KIO ဌာနချုပ် လိုင်ဇာကို အသေခံဒရုန်း ၃ စီးဖြင့် စစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံးပျက်စီးသွားပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။
“လေယာဥ် ၂ စီးဆုံးရှုံးထားတော့ လိုင်ဇာဘက်ကို အသေခံဒရုန်း ၃ စီးနဲ့ ဒီနေ့ မွန်းလွဲပိုင်းမှာ လာတိုက်ခိုက်တာ။ နေအိမ် ၁ လုံးပျက်စီးတယ်။ လူထိခိုက်မှုမရှိဘူး။ ဒရုန်းနဲ့တိုက်တာက နေ့လယ် ၁၂ နာရီ ၄၃ မိနစ်၊ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်နဲ့ မွန်းလွဲ ၁ နာရီ ၁၄ မိနစ် ၃ ကြိမ်၊ အသေခံဒရုန်း ၃ စီးနဲ့တိုက်တာပါ” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။
ဓာတ်ပုံ- KIA ဌာနချုပ် လိုင်ဇာမြို့အနီး မိုင်ဂျာယန်တွင် လုံခြုံရေးယူနေသည့် KIA တပ်ဖွဲ့ဝင်တစ်ဦး။ Photo- AFP
ယနေ့ နံနက်ပိုင်း မြစ်ကြီးနားမြို့ပေါ်ရှိ လေတပ်စခန်းဌာနချုပ်ကို KIA က တိုက် ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းစစ် ဆင်ရေးအတွင်း စစ်တပ်၏ Mi-17 ရဟတ်ယာဉ် ၁ စီးနှင့် K 8W တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။