ရန်ကုန်ခရစ္စမတ်ပွဲအခမ်းအနားတွင် ဘာသာတရားအပေါ် အခြေခံပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်း လျှောက်ကြရန် မင်းအောင်လှိုင် မဲဆွယ်ပြန်
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ရန်ကုန်ခရစ္စမတ်ပွဲအခမ်းအနားတွင် ဘာသာတရားအပေါ် အခြေခံပြီး ပါတီစုံဒီမိုကရေစီလမ်း ကြောင်း အပေါ် လျှောက်လှမ်းသွားကြရန် အကြမ်းဖက် မင်းအောင်လှိုင်က မဲဆွယ်ပြန်သည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ်ကက်သ လစ်ဘုရားကျောင်းတော်ကြီးတွင် ပြုလုပ်သော ခရစ္စမတ်အခမ်းအနားတွင် မင်းအောင် လှိုင်က ထိုကဲ့သို့ မဲဆွယ်လာခြင်းဖြစ်ပြီး ရွေးကောက်ပွဲကျင်းပရန် ၅ ရက်အလိုတွင် မည်သည့်အခမ်းအနားကိုမှ မရှောင်တော့ဘဲ မင်းအောင်လှိုင်က မဲဆွယ်လာခြင်းဖြစ်သည်။
အကြမ်းဖက် မင်းအောင်လှိုင်က ဘာသာတရားများအပေါ်အခြေခံပြီး ဖြစ်တည်လာသည့် ငြိမ်းချမ်းခြင်းတရားများကို ကိုယ်စီလက်ကိုင်ထားကာ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းအပေါ် ငြိမ်းချမ်းစွာလျှောက်လှမ်းသွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ခရစ္စမတ်ပွဲတွင် ပြောဆိုသည်။
ယင်းအပြင် ဘာသာရေးကိုးကွယ်မှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၏ ပုဒ်မ ၃၄ တွင် “ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိစေရမည်” ဟု အတိ အလင်းပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် မည်သည့်ဘာသာကို မဆိုလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပေးထားပြီးဖြစ်သည်ဟု အခြေခံဥပဒေကို မင်းအောင်လှိုင်က ကာကွယ်ပြောဆိုသွားသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာဝင်များနှင့် အခြားသောဘာသာဝင်များသည် ရှေးနှစ်ပေါင်းမြောက်မြားစွာကတည်းက ယှဉ်တွဲမှီတင်းနေထိုင်လာခဲ့ကြခြင်းပင်ဖြစ်ကြောင်း၊ ဘာသာဝင်အချင်းချင်းကြားတွင် ထိပါးစော်ကားခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ထိခိုက်နစ်နာစေလိုခြင်းအလျဉ်းမရှိဘဲ အပြန်အလှန်လေးစားမှုတရားများကို မဏ္ဍိုင်ပြုကာ ပြည်ထောင်စုစိတ်ဓာတ်အပြည့်ဖြင့် ဆွေမျိုး ရင်းချာစိတ်ထားပြီး နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့ကြကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ရင်းနှီးနွေးထွေးသည့် ဘာသာဝင်များကြားမှ အဆိုပါအစဉ်အလာကောင်းများကို ဆက် လက်ထိန်းသိမ်းသွားကြရန် လိုအပ်ပြီး စည်းလုံးညီညွတ်မှုပြိုကွဲအောင်၊ လေးစားယုံ ကြည်မှုလျော့ပါးအောင် လုပ်ဆောင်လာသည့် မည်သည့်သွေးထိုးနှောင့်ယှက်မှုမျိုးကိုမဆို မိသားစုစိတ်ရင်းဖြင့်လက်တွဲပူးပေါင်းကာကွယ်သွားကြရန် မင်းအောင်လှိုင်က ပြောသည်။
အကြမ်းဖက် မင်းအောင်လှိုင်မှာ မဘသနှင့်ဘာသာရေးအစွန်းရောက်များ၊ အမျိုးသားရေး အစွန်းရောက်များကို အဓိက ထောက်ပံ့နေသူဖြစ်ပြီး NLD အစိုးရလက်ထက်တစ်ခုလုံးတွင် ဘာသာရေးအစွန်းရောက် လှုပ်ရှားမှုများဖြင့် NLD အစိုးရကို ဖြုတ်ချရန်နှင့် NLD အစိုးရ အကျပ်အတည်းဖြစ်စေရန် အဓိက ကြိုးကိုင်ခေါင်းဆောင်ခဲ့သော စစ်ခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထုတ်ပြန် ပြောဆိုထားသည်။