ဆင်ဖြူကျွန်းမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေပိတ်မိနေကာ ဖုန်းလိုင်းတွေပါ ဖြတ်တောက်ခံထားရ

ဆင်ဖြူကျွန်းမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေပိတ်မိနေကာ ဖုန်းလိုင်းတွေပါ ဖြတ်တောက်ခံထားရ
ဒီဇင်ဘာ ၂၃

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့က စစ်ကော်မရှင် ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်တွေ တိုက်ခိုက်ခံနေရပြီး စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာနဲ့ပါ ဗုံးကြဲတိုက်ခိုက်ပြီး ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၂၃ ရက် ဒီကနေ့ မနက် ၆ နာရီ လောက်ကစတင်ကာ တော်လှန်ရေးတပ်တွေက စစ်ဆေးရေးဂိတ်တွေနဲ့ ရဲစခန်းကို စတင်တိုက်ခိုက် သိမ်းပိုက်နေတာဖြစ်ပြီး
စစ်ကော်မရှင်ဘက်က လေကြောင်းပစ်ကူပေးကာ အပြင်းအထန်ကာကွယ်နေရတယ်လို့ သိရပါတယ်။
“မနက်ကထိ နွယ်တမယ်တံတားထိပ်က စစ်တပ်ဂိတ် အသိမ်းခံလိုက်ရတယ်၊ စစ်တပ်ဘက်က Y 12 နဲ့ လျှောက်ကြဲနေတာ၊ မြို့ပေါ်ရပ်ကွက်က အိမ်တွေပေါ်ကျတယ်၊ ပြည်သူတွေ သေဆုံးထိခိုက်တာ များနိုင်တယ်၊ မြို့ပေါ်က အိမ်တွေကကပ်နေတာ မီးလောင်တဲ့နေရာတွေလည်းများတယ်၊ မနက်ကထိ အဆက်အသွယ်ရတယ် ခုမရတော့ဘူး၊ MPT/Mytel/Ooredoo လုံး၀ဆက်မရတော့ဘူး”
လို့ ဆင်ဖြူကျွန်းမြို့က အဝေးရောက်မိသားစု၀င်တစ်ဦးက မြို့တော်ကိုပြောပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့က ပါရာမော်တာ ၃ စီးနဲ့ လိုက်လံဗုံးကြဲနေပြီး Y-12 လေယာဥ်နဲ့ပါ ရမ်းသမ်းပစ်ခတ်နေတာကြောင့် မြို့ပေါ်ရပ်ကွက်ကဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ စိတ်ပူနေရတယ်လို့ ပြောပါတယ်။
“မနက်က ပြောတဲ့အထိကို ရှောင်ချိန်မရဘူး အိမ်တွေတံခါးပိတ်ထားရတယ်ပြောတယ်၊ အရင်ရက်ကတည်းက ရှောင်တဲ့သူတွေရှိပေမယ့် မြို့ပေါ်မှာ ကျန်ခဲ့တဲ့သူတွေရှိတယ်၊ ကျနော့်အမ်နဲ့ အမ ခုထိဆက်သွယ်မရသေးဘူး၊ မနက်က သူတို့ဘက်ကခေါ်လို့ ရဲစခန်းလည်း ၀င်သိမ်းနေပြီလို့ သိရတယ်၊ အဲ့ဒီအထိပဲ သိရတယ်၊ စျေးအပိုင်းလည်း မီးလောင်နေတယ်ပြောတယ်” လို့ ဆင်ဖြူကျွန်းမြို့က မိသားစု၀င် အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာလ ၂၀ ရက်နေ့ကစတင်က မြို့ပေါ် ရပ်ကွက်က ဒေသခံတချို့ စစ်ရှောင်ကြတာရှိခဲ့တယ်လို့သိရပြီး ဒီဇင်ဘာလ ၂၂ ရက် ည ၁၁ နာရီလောက်က ဆင်ဖြူကျွန်းမြို့ အနီးတ၀ိုက်ကရွာတွေကို Y 12 နဲ့ ဗုံးသီး အလုံး ၃၀ ကျော်ကို ကြဲချခဲ့လို ကျေးရွာ ၄ ရွာထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတွေ ညတွင်းချင်း စစ်ရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
မြို့တော် News Channel