နတ်ရေကန်စခန်းအနီး ဂုတ်ကြီးကျေးရွာတွင် AA နှင် စစ်ကော်မရှင်တို့ တိုက်ပွဲပြင်းထန်

နတ်ရေကန်စခန်းအနီး ဂုတ်ကြီးကျေးရွာတွင် AA နှင် စစ်ကော်မရှင်တို့ တိုက်ပွဲပြင်းထန်
ဓာတု
မဇ္ဈိမ ။ ။ မကွေးတိုင်း၊ငဖဲမြို့နယ်က လမ်းသစ်ဟုခေါ်ပြီး အမ်း-ပဒါန်းလမ်းဘက်ခြမ်းလာမည်ဆိုလျှင် နတ်ရေကန်ရှောင်ကွင်းလမ်းဟုလည်းခေါ်သည့် ဂုတ်ကြီးကျေးရွာတွင် အာရက္ခတပ်တော်(AA)၊ပူးပေါင်းမဟာမိတ်တပ်များနှင့်စစ်ကော်မရှင်တပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းအရင်းမြစ်များထံမှသိရသည်။
စစ်တပ်လော်ဘီချန်နယ်များတွင်ယခုရက်အတွင်း ဂုတ်ကြီးစခန်းကိုသိမ်းပိုက်ရရှိထားကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်တကွဖော်ပြထားကြသော်လည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ခြင်းကြောင့် စစ်ရေးသတင်းအမြစ်များက စစ်ကော်မရှင်ဘက်ကရ၊မရကိုအတည်မပြုသေးပေ။
အဆိုပါဂုတ်ကြီးကျေးရွာ၌ နတ်ရေကန်ဗျူဟာစခန်း၏ကာကင်းစခန်းတခုတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်မရှင်ဘက်က ဂုတ်ကြီးကျေးရွာကိုသိမ်းပိုက်နိုင်သည်ဆိုသည့်သတင်းမှာမဟုတ်ကြောင်း ငဖဲမြို့စစ်ရေးသတင်းအရင်းမြစ်က မဇ္ဈိမသို့ပြောသည်။
“တိုက်ပွဲကတော့ပြင်းထန်နေတယ်၊ ဒါပေမယ့် ဂုတ်ကြီးကို စစ်တပ်ကရသွားတာတော့မဟုတ်ဘူး။ အဲ့ဒီနားရောက် လာတဲ့စစ်ကြောင်းကို AA ဘက်ကပြန်တိုက်ခိုက်နေတာ”ဟု၎င်းကပြောသည်။
ဂုတ်ကြီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်ရက်ခန့်ရှိပြီဖြစ်ပြီး၊ စစ်ကော်မရှင်တပ်က သိမ်းနိုင်၊မသိမ်းနိုင်ဆိုခြင်းထက် စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ဂုတ်ကြီးကျေးရွာအနီးနားထိ ဖြတ်သန်းသွားလာမှုများကိုတွေ့ရ ကြောင်း CDM ဗိုလ်ကြီးဇင်ယော်ကမဇ္ဈိမသို့ ပြောသည်။
“ အဲ့ဒီမှာတိုက်ပွဲဖြစ်နေတယ်၊ ဂုတ်ကြီးမှာလည်းထိတွေ့မှုဖြစ်တာ နှစ်ရက်လောက်ရှိပြီ။ စစ်လော်ဘီတွေဘက်ကရသွားပြီပြောတယ်ဆိုပေမယ့် ဓာတ်ပုံရိုက်ပြီးပြန်ဆုတ်သွားလား ရှေ့ဆက်ထွက်သွားလားဆိုတာကိုတော့ ဒါကျွန် တော်တို့ပြောမတတ်ဘူးပေါ့နော်၊ ဒါပေမယ့်ဖြစ်နိုင်ခြေကတော့ ဂုတ်ကြီးရွာတဝိုက်ကိုတော့သူတို့တွေ(စစ်ကော် မရှင်)ဖြတ်သွားလို့ရပြီ။ အရင်တုန်းကဖြတ်လို့မရဘူး။ နတ်ရေကန်စခန်းကိုအထောက်အကူပြုမယ့်အဖွဲ့တဖွဲ့ရှိတယ်၊ အဲ့ဒီတဖွဲ့နဲ့ဂုတ်ကြီးဘက်ကတက်သွားတဲ့စစ်ကြောင်းနဲ့ပေါင်းမိသွားပြီ။ ဂုတ်ကြီးကိုသိမ်းနိုင်မသိမ်းနိုင်ထက် ဂုတ်ကြီးနဲ့ပျဉ်းဝလမ်းခွဲကနေပြီးတော့ အဲ့ဒီဘက်ထိဆက်သွယ်လို့ရတဲ့အနေအထားလို့ပြောလို့ရတယ်။ ဂုတ်ကြီးရွာက ခြေကုပ်စခန်းတွေမှာ ပြန်ပြီးတော့ဓာတ်ပုံရိုက်တယ်၊ သူတို့တွေပြန်ပြီးတပ်စွဲနိုင်လား၊မစွဲလားမသိရဘူး။ဒေသခံတွေဘက်ကတော့ငြင်းတယ်”ဟု၎င်းကဆိုသည်။
စစ်ကော်မရှင်တပ်ဖွဲ့အနေဖြင့် နတ်ရေကန်ကမ္ဘာလုံးစခန်းကို ဘန်ကာများဖြင့် ခံစစ်ပြန်လည်မွမ်းမံမှုများရှိနေပြီးစစ်ယာဉ်တန်းများပါ ဖြတ်သန်းနေခြင်းကိုတွေ့ရကြောင်း CDM ဗိုလ်ကြီးဇင်ယော်ကပြောသည်။
ဖိုက်တာကုန်းနှင့် ဂုတ်ကြီးစခန်းတို့ကို အောက်တိုဘာလဆန်းပိုင်းတွင် AA က သိမ်းပိုက်ပြီးနောက် ပဒါန်း စစ်မျက် နှာသို့ ရခိုင်ရိုးမဘက်မှ ဝင်လာမည့် တိုက်စစ်အတွက် အချက်အခြာနယ်မြေဖြစ်သော နတ်ရေကန် ကမ္ဘာလုံးစခန်းမှာ ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ခံခဲ့ရသည်။
ထို့နောက် နတ်ရေကန်စခန်းတခုလုံး ရလုနီးပါးဖြစ်ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့ရာ လက်ရှိအချိန်အထိ ဖြစ်သည်။
ကာကွယ်ရေးပစ္စည်း လက်နက်ထုတ်လုပ်ရေးစက်ရုံ (ကပစ – ၁၄) အတွက် အရေးပါသည့် ရခိုင်ရိုးမပေါ်ရှိ အကြီးဆုံးခံစစ်စခန်းဖြစ်သော ယင်းနတ်ရေကန်စခန်းတခုလုံးသာရလိုက်ပြီဆိုလျှင် စစ်အုပ်စုအနေဖြင့် ပဒါန်းမှအမ်းမြို့ဘက်သို့ တိုက်စစ်မှာ ပျက်ပြယ်သွားသည်သာမက ကပစ(၁၄) ၏ ထုတ်လုပ်မှုလုပ်ငန်းမှာ ရာနှုန်းပြည့်ရပ်ဆိုင်းသွားမည်ဖြစ်၍ အမှတ်(၉၀၅)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်(မစခ)နှင့် ကျန်အမြောက်တပ်နှစ်တပ်မှာလည်း အထိ နာသွားနိုင်ကြောင်း စစ်ရေးသတင်းအရင်းမြစ်များကတွက်ချက်ထားကြသည်။
လက်ရှိတွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကော်မရှင်တပ်တို့မှာ မကွေးတိုင်း၊ငဖဲမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်တို့တွင်စစ်ရေးအရှိန် အားကောင်းနေသည်။