ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ဇန်နဝါရီလအတွင်း အိုင်စီဂျေမှာ ကြားနာစစ်ဆေးမည်
အေတီ/BVJ_ ဒီဇင်ဘာ၂၀၊၂၀၂၅



မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ အမှု နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကြားနာမှုပြုလုပ်ဖို့ရှိကြောင်း ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံး အိုင်စီဂျေက သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ။
ဂါဇာစစ်ပွဲ အတွင်းက ကိစ္စတွေနဲ့ပတ်သက်ပြီး အစ္စရေးနိုင်ငံကို တောင်အာဖရိကနိုင်ငံက အိုင်စီဂျေ မှာ စွပ်စွဲထား တဲ့ အမှုရှိနေတဲ့အတွက် မြန်မာကိစ္စအပေါ် ဆုံးဖြတ်မယ့် ဆုံးဖြတ်ချက်က တောင် အာဖရိက-အစ္စရေး အမှု အပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။
အမှု တရားလို ဂမ်ဘီယာက ဇန်နဝါရီ ၁၂ရက်ကနေ ၁၅ရက် အတွင်း အမှု လျှောက်လှဲချက် ပေးရမှာဖြစ်ပြီး၊ ဂျီနိုဆိုက်အမှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားတဲ့ မြန်မာစစ်တပ်ဖက်က ဇန်နဝါရီ ၁၆ရက်ကနေ၂၀ရက်အတွင်း ခုခံ ချေပခွင့်ရရှိမှာဖြစ်ပါတယ်။
ဂမ်ဘီယာနိုင်ငံက ICJ နိုင်ငံတရားရုံးမှာ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံအား ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားပါတယ်။အခုကြားနာမှုမှာ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုအနေနဲ့ ကမ္ဘာ့တရားရုံးလို့ လူသိများတဲ့ ICJ တရားရုံးမှာ သက်သေတွေ ကို သုံးရက်တာကြားနာမှုဖြစ်ပြုလုပ်မှာဖြစ်ပြီး အဲ့ဒီကြားနာမှုကို ပရိသတ်မပါပဲ တံခါးပိတ်ကျင်းပမှာ ဖြစ်ပါတယ်။
ရိုဟင်ဂျာ ၇၃၀,၀၀၀ ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ မောင်းထုတ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုဟာ “လူမျိုးတုံးသတ်ဖြတ်မှု”ကိစ္စထဲမှာ အကျုံးဝင်နေတယ်လို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က ကောက်ချက်ချထားပါတယ်။
ကုလသမဂ္ဂရဲ့ တွေ့ရှိချက်တွေဟာ “ဘက်လိုက်မှု၊ ချို့ယွင်းချက်မှု ” ရှိတယ်ဆိုပြီး မြန်မာ စစ်တပ်ဘက်က ပယ်ချခဲ့ပြီး၊သူတို့က ရိုဟင်ဂျာသူပုန်တွေကိုပဲ တိုက်ခိုက်ဖို့ ရည်ရွယ်တာဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။
နာဇီတွေက ဂျူးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဥ် ဖြစ်ပွားခဲ့အပြီးမှာ ပြဋ္ဌာန်းခဲ့တဲ့ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု ကွန်ဗင်းရှင်းအောက်ကနေ ဂမ်ဘီယာက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။မြန်မာနဲ့ ဂမ်ဘီယာ နှစ်နိုင်ငံစလုံးဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုး သဘောတူထားတဲ့နိုင်ငံတွေဖြစ်ပြီး၊ ယင်းကွန်ဗင်းရှင်းအရ ကုလသမဂ္ဂတရားရုံးICJကို တရားစီရင်ပိုင်ခွင့်ပေးအပ်ထားပါတယ်။
ယခု ကျင်းပမယ့် ကြားနာပွဲဟာ အမှုရဲ့ “ပင်မအချက်အလက်များ” ကို စစ်ဆေးမှာ ဖြစ်ပြီး၊ မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိ ဆိုတဲ့ အဓိက စွပ်စွဲချက်ကို စတင်စစ်ဆေးမယ့် အဆင့် ဖြစ်ပါတယ်။
၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု ကွန်ဗင်းရှင်းပြဌာန်းပြီးနောက်ပိုင်း အိုင်စီဂျေတရားရုံးက လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စွပ်စွဲအရေးယူခဲ့တာဟာ ဘော့စနီးယားဆာ့ဘ်တပ်တွေက ၁၉၉၅ ခုနှစ်စစ်ပွဲမှာ မွတ်စလင်အမျိုးသားတွေနဲ့ မွတ်စလင်ယောင်္ကျားလေး ၈၀၀၀ ခန့်ကို အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခဲ့တဲ့ အမှုတစ်ခုပဲရှိပါသေးတယ်။
မြန်မာစစ်တပ်ကို တရားစွဲအရေးယူဖို့ ကြိုးစားနေတဲ့ ဒီအမှုမှာ ICJရဲ့ တွေ့ရှိချက်တွေက အနာဂတ်လူမျိုးတုံးသတ်ဖြတ်မှုအမှုတွေ အတွက် အရေးကြီးလာနိုင်ပြီး၊ ကနေဒါ၊ ယူကေ၊ ဂျာမဏီ၊ နယ်သာလန်၊ ပြင်သစ်၊ ဒိန်းမတ်၊ မော်လ်ဒိုက် အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံ က ဂမ်ဘီယာဘက်ကနေ ကြားဖြတ်ပါဝင်ပေး ဖို့ တရားရုံးက ခွင့်ပြုထားပြီးဖြစ်တဲ့အတွက် အမှု ပိုမိုကျယ်ပြန့်လာဖို့ ရှိနေပြီး နိုင်ငံတကာရဲ့ ဖိအား ပိုမများလာမယ့်အခြေအနေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
အိုင်စီဂျေတရားရုံးအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး အချက်အ လက် ကောက်ယူတဲ့နေရာမှာ သေဆုံးတဲ့ အရေအတွက်ကိုပဲ အာရုံစိုက်နေတာမျိုး မဟုတ်ပဲ၊အတင်းအကျပ် ရွှေ့ပြောင်းခံရမှု၊ ကလေးသူငယ်တွေအပေါ် ရာဇဝတ်မှုကျူးလွန်မှု၊ လိင်ပိုင်းဆိုင်ရာတွေနဲ့ ကျားမခွဲခြားမှုအပေါ် အခြေခံတဲ့ ရာဇဝတ်မှုတွေကိုပါ အချက်အလက်က်အနေနဲ့ ထည့်သွင်းကောက်ယူသင့်ကြောင်း ကြားဖြတ်ဝင်စွက်ခွင့်ရထားတဲ့ အထက်ပါနိုင်ငံတွေက ပြောနေပါတယ်။
၂၀၁၉ ခုနှစ်က နယ်သာလန် သည်ဟိဂ် အထိ ဒီအမှုကို သွားရောက်ရင်ဆိုင်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကို အကျဥ်းချထားပြီး ဦးကိုကိုလှိုင်နဲ့ ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့ ၁၅ဦးကိုယ်စားလှယ် အဖွဲ့ကို အိုင်စီဂျေတရားရုံးမှာ အမှုရင်ဆိုင်ဖို့ အာဏာသိမ်းစစ်အုပ်စုက ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလက စေလွှတ်ခဲ့ပါတယ်။