ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ဟု စစ်တပ်၏ ထုတ်ပြန်မှု ယုံကြည်စရာမရှိဘဲ မိခင်ဖြစ်သူနှင့် တွေ့ဆုံခွင့်ပေးမှ လက်ခံယုံကြည်နိုင်မည်ဟု သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းပြော
ရန်ကုန်၊ ဒီဇင်ဘာ ၁၈
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်သည်ဟု စစ်တပ်၏ ထုတ်ပြန်မှုမှာ ယုံကြည်စရာမရှိဘဲ မိခင်ဖြစ်သူနှင့် တွေ့ဆုံခွင့်ပေးမှ လက်ခံယုံကြည်နိုင်မည်ဖြစ်ကြောင်း သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုလိုက်သည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း အကြမ်း ဖက် စစ်တပ်က သတင်းထုတ်ပြန်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့်ပတ်သက်သော ဓာတ်ပုံ၊ ဗီဒီယို အပါအဝင် သက်သေတစ်စုံတစ်ရာ ထုတ်ပြန်လာခြင်းမရှိခဲ့ပေ။
“စစ်အစိုးရက မေမေဟာ “ကျန်းမာရေးကောင်းမွန်ပါတယ်” လို့ အတင်းအကျပ်ယုံခိုင်းနေပေမယ့် သက်သေအထောက်အထားမရှိတဲ့ ပြောဆိုချက်တွေဟာ နှစ်ပေါင်းများစွာ ဝါဒဖြန့်ချိရေးနဲ့ လျှို့ဝှက်ဖုံး ကွယ်ပြီး လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ဘာမှယုံကြည်စရာ မရှိပါဘူး။ သက်သေအထောက်အထားမရှိတဲ့ အကြောင်းပြချက်များကို ယုံကြည်ရန် မဖြစ်နိုင်ပါ။ Shakespeare ရဲ့ Hamlet မှာ ပြောထားသလို “အလွန်အကျွံ ကာကွယ်ပြောဆိုနေသူက ပိုပြီး သံသယဖြစ်စရာ ကောင်းပါတယ်။” စစ်တပ်က တကယ် ယုံကြည်စေချင်ရင် အဖြေက ရိုးရှင်းပါတယ်၊ သက်သေပြပါ၊ မေမေနဲ့ တွေ့ခွင့်ပေးပါ၊ လက်ခံယုံကြည်နိုင်သူနဲ့ အတည်ပြုချက်ပေးပါ၊ အမှန်တရားကို မြင်သာအောင်ပြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက လူမှုကွန်ရက်တွင် စစ်တပ်၏ ကြေညာချက်ကို ပြန်လည် တုံ့ပြန်ထားသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ စစ်တပ်၏ ဖမ်းဆီးမှု ခံနေရသော ကျန်းမာရေး မကောင်းမွန်သည့် အမေဖြစ်သူနှင့် အဆက်အသွယ် မရတော့သဖြင့် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားတာမျိုးဖြစ်နိုင်ကြောင်း သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ရိုက်တာသတင်းဌာနသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။
ကျန်းမာရေးချို့ယွင်းနေသည့် အဖမ်းခံထားရသော မြန်မာ့ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ သတင်းအချက်အလက်များ လုံးဝပြတ်တောက်နေသဖြင့် သားဖြစ်သူက မိခင်ဖြစ်သူ ကွယ်လွန်သွားပြီလားပင် မသိရသေးသည့်အခြေအနေဖြစ်ပြီး စိုးရိမ်ပူပန်လျက်ရှိကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဆူပူအောင်လှုံ့ဆော်မှု၊ အဂတိလိုက်စားမှုနှင့် ရွေးကောက်ပွဲလိမ်လည်မှုများအပါအဝင် စွဲချက်များအတွက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ စွဲချက်အားလုံးကို ငြင်းဆိုထားသည်။