စစ်တပ်က ရွေးကောက်ပွဲတွင် ဒိုင်လူကြီးလုပ်သည့်အပြင် စစ်ဗိုလ်ချုပ်များကိုယ်တိုင် ကြံ့ခိုင်ရေးပါတီမှ ရွေးကောက်ပွဲ ဝင်လာ၍ တန်းတူညီမျှ (Level Playing Field) အခြေအနေ မရှိတော့ဟု PPP ဥက္ကဋ္ဌ သက်သက်ခိုင် ထုတ်ပြော

စစ်တပ်က ရွေးကောက်ပွဲတွင် ဒိုင်လူကြီးလုပ်သည့်အပြင် စစ်ဗိုလ်ချုပ်များကိုယ်တိုင် ကြံ့ခိုင်ရေးပါတီမှ ရွေးကောက်ပွဲ ဝင်လာ၍ တန်းတူညီမျှ (Level Playing Field) အခြေအနေ မရှိတော့ဟု PPP ဥက္ကဋ္ဌ သက်သက်ခိုင် ထုတ်ပြော
ရန်ကုန်၊ ဒီဇင်ဘာ ၁၇

အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲတွင် ဒိုင်လူကြီးလုပ်သည့်အပြင် စစ်ဗိုလ်ချုပ်များကိုယ်တိုင် ကြံ့ ခိုင် ရေးပါတီမှ ရွေးကောက်ပွဲ ဝင်လာ၍ တန်းတူညီမျှ (Level Playing Field) အခြေအနေ မရှိတော့ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ- PPP ၏ ဥက္ကဋ္ဌ သက်သက်ခိုင်က ပြည်တွင်းစစ်လော်ဘီမီဒီယာတစ်ခုမှ တစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က ဒုတိယသမ္မတ ၁ ဦး ၊ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့်နယ် စပ်ရေးရာ ဝန်ကြီး ၃ ပါး အစိုးရအဖွဲ့တွင် ရရှိသည့်အပြင် လွှတ်တော်အတွင်းလည်း ၂၅ ရာခိုင်နှုန်း နေရာ ရယူထားကြောင်း၊ လက်ရှိ စစ်တပ်က ရွေးကောက်ပွဲကို ဒိုင်လူကြီးအဖြစ် ဆောင်ရွက်နေပြီး ရွေးကောက်ပွဲဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင်ကိုလည်း စစ်တပ်က ရွေးချယ် ဖွဲ့စည်းထားကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံတာဝန် ကြီးကြီးမားမား ယူထားသည့် စစ်ဗိုလ်ချုပ်ကြီးများ ကိုယ်တိုင် ကြံ့ဖွတ်ပါတီမှ ရွေးကောက်ပွဲဝင်လာ၍ သာတူညီမျှမှုနှင့်တန်းတူ ညီမျှ ဖြစ်သော Level Playing Field မရှိတော့ကြောင်း သက်သက်ခိုင်က ဆိုသည်။
“၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မတော်သည် ဒုတိယသမ္မတ ၁ ဦးရတယ်။ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ကိုယ်စား လှယ်တွေ အလိုအလျောက်ရတယ်။ နောက်တော့ ကာကွယ်ရေး ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ၃ ပါးရတယ်။ ဒါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအရ အာမခံခံထားတာ။ ဒါက တပ်က ရတဲ့ နိုင်ငံရေးအထူးအခွင့်အရေးပေါ့။ အခုလတ်တလောလည်း တပ်မတော်က တာဝန်ယူထားတဲ့ ကာလဖြစ်တဲ့အခါကျတော့ ဒီလိုမျိုး တပ်မတော်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအရ အာမခံချက်တွေလည်းရှိတယ်။ ဒီလိုအခွင့်အရေးတွေ ရှိနေပေမယ့်လည်း တပ်က လတ်တလော နိုင်ငံ့တာဝန်တော်တော်ကြီးကြီးမားမား ယူထားတဲ့ သူတွေက စပြီးတော့ ပြည်ခိုင်ဖြိုးပါတီဝင်ပြီးတော့မှ ပြိုင်ကြတယ်။ တချို့လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို ပို့တယ်လို့လည်းကြားတယ်။ အဲဒါကတော့ သတင်း ကြီးကြီးမားမား မထွက်တော့ ကျမတော့ သိပ်မသိဘူး။ ဆိုတော့အခါကျတော့ အခြေအနေက ဘယ်လိုဖြစ်သွားလဲဆိုတော့ အာဏာရ အစိုးရနဲ့ ပြိုင်ရသလိုဖြစ်သွားတယ်။ ပြောချင်တာ Level Playing Field မဖြစ်တော့တဲ့သဘောကျရောက်တာပေါ့။ Level Playing Field မဖြစ်တော့တဲ့သဘောကျရောက်တယ်” ဟု သက်သက်ခိုင်က ပြောဆိုသည်။
ယင်းအပြင် လွှတ်တော်ထဲတွင် စစ်တပ်က တင်သွင်းသော ဒုတိယသမ္မတမှာ မဲခွဲလျှင် သမ္မတဖြစ်လာနိုင်ခြေများကြောင်း၊ စစ်တပ်က စစ်တပ်လိုသာ နေသင့်ပြီး ဒိုင်လူကြီးအနေဖြင့်​ ရွေးကောက်ပွဲ ကျင်းပခြင်း၊ ရွေးကောက်ပွဲဥပဒေ ပြဋ္ဌာန်းခြင်းနှင့် ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခဲ့ကြောင်း၊ နိုင်ငံရေးပါတီတစ်ခုထံသို့ စစ်ဗိုလ်ချုပ်များ စေလွှတ်ပြီး ရွေးကောက်ပွဲဝင်ပြိုင်ခိုင်းခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း သက်သက်ခိုင်က ဆက်လက်ပြောဆိုသည်။
” တပ်က ပါတီတွေထဲကို မပို့ဘဲ တပ်က တပ်လိုပဲ နေပြီးတော့ ပြီးလို့ရှိရင် လတ်တလောလည်း အုပ် ချုပ်နေတဲ့သူဖြစ်တော့ ဒီတပ်မတော်အစိုးရလက်ထက်မှာပဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဖွဲ့စည်းတယ်။ ဒီတပ်မတော်အစိုးရကပဲ ရွေးကောက်ပွဲ ဥပဒေတွေ ရေးဆွဲထားတယ်။ ဆိုလို့ရှိရင် ကိုယ်က ဒိုင်လူကြီးလုပ်နေတယ်။ ဒိုင်လူကြီးလုပ်နေတဲ့နေရာမှာ ဒိုင်လိုမနေဘဲနဲ့ ဒိုင်လိုလည်း နေတယ်။ ပြီးလို့ရှိရင် ကိုယ့်လူတွေကိုလည်း နိုင်ငံရေးပါတီတစ်ခုကို အင်အားကြီးပါတီတစ်ခုကို ပို့လွှတ်ပြီးတော့မှ ဝင်လည်းပြိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်က မေးခွန်းထုတ်စရာတွေဖြစ်သွားတယ်။ မေးခွန်းထုတ်စရာတွေဖြစ်တော့ လွတ်လပ်ပြီး တရားမျှတမှု ရှိပါတယ်၊ မရှိဘူးထက် မေးခွန်းက ယုံကြည်လား မယုံကြည်လားပေါ့။ အဲဒါလည်း ကျမလည်း ကိုယ့်ဟာကိုယ် မေးခွန်းထုတ်ရမှာဖြစ်နေတယ်” ဟု သက်သက်ခိုင်က ပြောဆိုသည်။
PPP ပါတီဥက္ကဋ္ဌ သက်သက်ခိုင်က စစ်တပ်သည် နိုင်ငံရေးပါတီတစ်ခု၏ လက်ကိုင်တုတ်မဖြစ်သင့်ကြောင်း၊ လက်ရှိ စစ်တပ်က ပြုလုပ်သည့် ရွေးကောက်ပွဲ တရားမျှတမှု ရှိ၊ မရှိ ဆိုသည်ကို မပြောနိုင်သေးဘဲ ဆက်လက်စောင့်ကြည့်ရဦးမည်ဟု ထုတ်ပြောဆိုသွားသည်။
“နံပါတ် တစ်က ဥပဒေအရ ရွေးကောက်ပွဲ စနစ်ပြောင်းသွားတယ်။ နံပါတ် ၂ က ကျမတို့ ဒီ စက်နဲ့ မဲပေးတာ။ အဲဒီနှစ်ခုက ပြောင်းသွားတယ်။ ပြည်သူလူထုထဲမှာလည်း အပြောင်းအလဲတွေရှိတယ်။ မဲမပေးချင်တဲ့သူရှိတယ်။ မဲပေးမယ်ဆိုတော့လည်း ဘယ်သူ့ပေးရမှန်းမသိတဲ့သူရှိတယ်။ အစုံရှိနိုင်တာပေါ့။ ပြည်သူလူထုထဲမှာလည်း ဇဝေဇဝါတွေ ဖြစ်ပြီးတော့မှ ဒါတွေဖြစ်ပြီးတော့မှ ရွေးကောက်ပွဲပြီးတဲ့အထိ စောင့်ကြည့်ရမယ်။ ရွေးကောက်ပွဲ ရလဒ်က ပြည်သူ့ဆန္ဒကို ထင်ဟတ်လား မထင်ဟတ်လား ဆိုတာ စောင့်ကြည့်ရမှာဆိုတော့ အခုအချိန်မှာတော့ ယတိပြတ် ဘာမှ ပြောလို့မရဘူး။ လွတ်လပ်ပါတယ်၊ တရားမျှတပါတယ်ဆိုတာမျိုးပေါ့။ မလွတ်လပ်ဘူး၊ တရားမမျှတဘူးဆိုတာမျိုး ယတိပြတ်ပြောလို့မရတဲ့ အခြေအနေဖြစ်ပါတယ်။ ကျမ နိုင်ငံသားတစ်ယောက်အနေနဲ့ ဖြေချင်တာက တပ်မတော်ကို နိုင်ငံ ရေးပါတီတစ်ခုရဲ့ လက်ကိုင်တုတ် လိုမျိုး ကျမတို့ မမြင်ချင်ဘူး” ဟု သက်သက်ခိုင်က ဖြေဆိုထားသည်။
ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် အမတ်လောင်းအဖြစ် ယှဉ်ပြိုင်ရန် အမည် စာရင်းတင်သွင်းထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်ကို သက်ဆိုင်ရာလွှတ် တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (ဃ)ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။
ကမ္ဘာအေးဘုရားလမ်းနှင့်ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံ ကိန်းကို သက်သက်ခိုင်နှင့်အောင်ကျော်ဝင်းတို့က ကမ္ဘောဇဘဏ်ထံမှ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးငှားထားသည့်အတွက် အကြွေးရှိနေသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ယှဉ်ပြိုင်ခွင့်မပေးဘဲ အမတ်လောင်း အဖြစ်မှ ပယ်ဖျက်ခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က ပြင်ဆင်ထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၅ ပုဒ်မ ၈ (ဃ) ပါ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်တွင် နိုင်ငံတော်နှင့် ပုဂ္ဂလိက သို့ မသင့်လျော်သည့် ပေးရန် တာဝန်ကင်းရှင်းသူများ ဟု ပြဋ္ဌာန်းထားရာ သက်သက်ခိုင်မှာ ကမ္ဘောဇဘဏ်သို့ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် အကြွေးပေးရန် ရှိနေ၍ အဆိုပါ ဥပဒေပုဒ်မနှင့်လည်း ငြိစွန်းနေခြင်းဖြစ်သည်။
သက်သက်ခိုင်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၆ ဦးကို လွှတ် တော်ကိုယ်စားလှယ်လောင်းအရည်အချင်း သတ်မှတ်ချက်များနှင့် မပြည့်မီသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း စစ်တပ်ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။