NUG အထူးတိုင်းစစ်ဌာန ဗျူဟာမှူး စောဒါးကိုအပါအဝင် ၄၀ ခန့်ကို KNU တပ်မဟာ ၄ က ဖမ်းဆီးထား
17 Dec 2025 By Mom Lay / MPA

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အထူးတိုင်းစစ်ဌာန ဗျူဟာမှူး စောဒါးကို အပါအဝင် ၄၀ ခန့်ကို KNU တပ်မဟာ ၄၊ တပ်ရင်း ၁၂ က ဖမ်းဆီးထားကြောင်း ဗျူဟာ ၃၃ နှင့် နီးစပ်သူအချို့က အတည်ပြုသည်။
ယနေ့ ဒီဇင်ဘာလ ၁၇ ရက် မနက်ပိုင်းတွင် အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ်(၂) တပ်ရင်း(T5) တပ်ရင်းမှူးး မင်းသားကြီး၊ တနင်္သာရီ ဒရုန်းဒုတပ်ရင်းမှူးး ဒိုရာနှင့်အတူ ရဲဘော်များနှင့် ထောက်ပို့အချို့ကို KNU တပ်မဟာ ၄ တပ်ရင်း ၁၂ က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“ဖမ်းခံလိုက်ရတာ မှန်တယ်၊ ဘယ်လို ဖြစ်ပြီး ဖမ်းတာက မသိသေးပါဘူး၊ ကျတော်တို့လည်း ဆက်သွယ်နေတုန်းပဲ” ဟု ဗျူဟာ ၃၃ နှင့် နီးစပ်သူတစ်ဦးက MPAသို့ ပြောသည်။
၎င်းတို့ အလုပ်ကိစ္စများဖြင့် ခရီးထွက်သွားချိန် တပ်မဟာ ၄ ခွင် ၊တပ်ရင်း ၁၂ လှုပ်ရှားနယ်မြေတဝိုက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်နိုင်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခဲ့သည်ကို မသိရသေးကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ထို့အပြင် တပ်ဖွဲ့ဝင်များနှင့်အတူ ပါသွားသည့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းထားကြောင်း သတင်းအရင်းအမြစ်အချို့က ပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနှင့် KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာတို့ထံ MPA က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားပေးခြင်း မရှိသေးပေ။
“အချင်းချင်း ညှိနှိုင်းဖို့တော့ ကြိုးစားနေကြပါတယ်၊ ဘာမှန်းသေချာမသိသေးတဲ့ အခြေအနေမှာ ပြောဖို့တော့ အဆင်မပြေသေးပါဘူး” ဟု ဗျူဟာ ၃၃ နှင့် မဟာမိတ်တပ် ခေါင်းဆောင်တစ်ဦးက ပြောသည်။
ထားဝယ်ခရိုင်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့အချို့နှင့် KNU တပ်မဟာ ၄ တပ်ရင်း ၁၂ တို့အကြား ပြီးခဲ့သည့်ရက်ပိုင်းများတွင် အချင်းချင်းအဆင်မပြေမှုများ ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
ယခု ဖမ်းဆီးခံရသည့်ဖြစ်စဉ်သည် ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆက်စပ်မှု ရှိနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။
“ဖြစ်တယ်၊ မဖြစ်ဘူးက ကာယကံရှင်တွေက အသိဆုံးပေါ့နော်၊ အချင်းချင်း အဆင်မပြေဖြစ်နေတာက ကြာပါပြီး၊ ဘယ်လိုပဲ ဖြစ်ဖြစ် ရည်ရွယ်ချက်တူ၊ ပန်းတိုင်တူကြတဲ့ တော်လှန်ရေးတပ်တွေအချင်းချင်း မဖြစ်သင့်တာ မဖြစ်အောင်တော့ စည်းစောင့်သင့်တာပေါ့” ဟု မွန်နှင့် တနင်္သာရီတို့တွင် အခြေပြုလှုပ်ရှားနေသည့် တော်လှန်ရေးတပ် ခေါင်းဆောင်တစ်ဦးက ပြောသည်။
၎င်းတို့ အားလုံးကို KNU တပ်မဟာ ၄ တပ်ရင်း ၁၂ လက်အောက် တပ်ခွဲများဖြစ်သည့် ကစယ်ဒိုကျားတပ်ဖွဲ့၊ ပုတီးတစ်လုံးတပ်ဖွဲ့တို့က ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားပြီး တနင်္သာရီအခြေစိုက် Dawei Watch သတင်းဌာနက ရေးသားထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-KNU တပ်မဟာ ၄က ဖမ်းဆီးခဲ့သူအချို့- လက်ထောက်ထားသူ( T5 တပ်ရင်းမှူး ကိုမင်းသားကြီး) ၊ သေနတ်များကိုင်ထားသူ(ဗျူဟာ ၃၃ တပ်ရင်းမှူး ကိုဘိ(ခ)စောဒါးကို)
စာတည်း-ကိုဆန်း
#အထူးတိုင်းစစ်ဌာန #စောဒါးကို #ဖမ်းဆီးထား #KNU #MPA #Mon_Lay