ထိုင်းနဲ့ ကမ္ဘောဒီးယားဆီ ကိုယ်တိုင် ဖုန်းဆက်မယ်လို့ ထရမ့်ပြော

ထိုင်းနဲ့ ကမ္ဘောဒီးယားဆီ ကိုယ်တိုင် ဖုန်းဆက်မယ်လို့ ထရမ့်ပြော
ဒီဇင်ဘာ – ၁၀ ၊၂၀၂၅
စစ်ရေး တင်းမာနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေရဲ့ အစိုးရတွေဆီ သူကိုယ်တိုင် ဖုန်းဆက်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဇူလိုင်လကုန်ပိုင်းတုန်းက နယ်စပ် ပဋိပက္ခတွေကြောင့် ၅ ရက်ကြာ စစ်တိုက်ခဲ့ကြတဲ့ အရှေ့တောင်အာရှ ဒေသတွင်း နှစ်နိုင်ငံဟာ ထရမ့်နဲ့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်တို့ရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် အပစ်အခတ် ရပ်စဲထားပါတယ်။
ဒါပေမဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကစလို့ နယ်စပ်မှာ နှစ်ဖက်ကြား တင်းမာမှုတွေ ပြန်လည် မြင့်တက်လာပြီး လက်နက်ကြီး ပစ်ခတ်မှုတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေပါ ပါဝင်လာပါတယ်။ ပြီးတော့ နှစ်နိုင်ငံ နယ်စပ်က ဒေသခံတွေ အများအပြား ရွှေ့ပြောင်းထားရသလို နှစ်ဖက် သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
ဒီဇင်ဘာ ၉ ရက်နေ့တုန်းက ပင်ဆယ်လ်ဗေးနီးယားက အခမ်းအနား တစ်ခုမှာ ထရမ့်က သူ့ရဲ့ ငြိမ်းချမ်းရေး ရယူပေးနိုင်စွမ်းတွေကို ထပ်ပြီး လူသိရှင်ကြား ကြွားလုံးထုတ်ခဲ့ပါတယ်။ သူက ၁၀ လအတွင်း စစ်ပွဲ ၈ ခုကို အဆုံးသတ်ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
နောက်တော့ ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်မှာ ပစ်ကြခတ်ကြ ဖြစ်နေတဲ့ ကိစ္စကို သူသတင်းကြားထားကြောင်း အတည်ပြုခဲ့ပါတယ်။ သူ့အနေနဲ့ ဒီအကြောင်းကို ထုတ်ပြောရမှာကိုတော့ မုန်းတီးမိကြောင်း၊ ဒါပေမဲ့ ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ရဲ့ နာမည်တွေကို ထည့်ဆွေးနွေးရမှာဖြစ်ပြီး တစ်ရက်၊ နှစ်ရက်အတွင်း အဲဒီနိုင်ငံတွေဆီ ဖုန်းဆက်ဖို့ စီစဉ်ထားကြောင်း ထရမ့်က ဆိုပါတယ်။
စစ်ပွဲတစ်ခုကို တားဆီးဖို့အတွက် သူဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဆီ ဖုန်းဆက်ရမှာ ဖြစ်ကြောင်း၊ အဲဒီနှစ်နိုင်ငံက နောက်တစ်ကြိမ် စစ်ပွဲဆီ ဦးတည်နေပြန်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။
နယ်စပ် စစ်ရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ထိုင်းနဲ့ ကမ္ဘောဒီးယားတို့က အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ကြောင်း အပြန်အလှန် စွပ်စွဲ အပြစ်တင်နေကြပါတယ်။
ကိုးကား – Guardian ၊ ဓာတ်ပုံ – The White House