မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု သေဆုံးသူ (၃၃) ဦး အထိ ရှိလာ
One Nation News/ဒီဇင်ဘာ ၁၁၊၂၀၂၅










အာရက္ခပြည်၊ မြောက်ဦးမြို့ရှိ မြောက်ဦးဆေးရုံကြီးအား ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်က အကြမ်းဖက် မြန်မာလေတပ်က ရက်ရက်စက်စက် လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဆေးရုံတွင်း ဆေးကုသမှု ခံယူနေကြသည့် လူနာအပါအဝင် အပြစ်မဲ့ပြည်သူ (၃၃) ဦး သေဆုံးပြီး ၆၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၂၀၂၅ ခုနှစ်၊ ယမန်နေ့ (ဒီဇင်ဘာလ ၁၀) ရက်၊ ညည့်(၉) နာရီ အချိန်ခန့်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင် မြန်မာလေတပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် အာရက္ခပြည်သူ့ဆေးရုံကြီးတွင်း ဆေးကုသမှုခံယူနေသည့် လူနာ (၁၀)ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ကာ နောက်ထပ် (၂၃) ဦးမှာ ထပ်မံသေဆုံးခဲ့သည်။
၎င်းအပြင် ဆေးကုသမှုခံယူနေသည့် လူနာများအပါအဝင် လူနာစောင့်များနှင့် ဆေးရုံဝန်ထမ်း ၆၀ ထက်မနည်းမှာလည်း ပြင်းထန်ဒဏ်ရာနှင့် အလတ်စား၊ အသေးစား ဒဏ်ရာများ ရရှိသွားခဲ့ကြသည်။
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အပြစ်မဲ့ အရပ်သားပြည်သူများ အိပ်စက်အနားယူရန်ပြင်ဆင်နေကြသည့် အချိန်ကို အငိုက်ဖမ်းပြီး ကောက်ကျစ်ယုတ်မာသည့်အကြံဖြင့် အများပြည်သူများ ဆေးကုသမှုခံယူနေသည့် ဆေးရုံကို ရည်ရွယ်ချက်ရှိရှိပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင် မြန်မာလေတပ်သည် စစ်ဘက်နှင့်မည်သို့မျှ မသက်ဆိုင်သည့် အရပ်သားပြည်သူများ ဆေးကုသမှုခံယူနေကြသော မြောက်ဦးမြို့၊အာရက္ခပြည်သူ့ဆေးရုံးကြီးအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- ဗုံးကြဲတိုက်ခိုက်ခံရသည့် မြောက်ဦးဆေးရုံမြင်ကွင်း (One Nation News)