မောတောင်မြို့သို့ စစ်တပ်က ထိုးစစ်ဆင်ရန် ပြည်ထောင်စုလမ်းမကြီးကို အသုံးပြုပြီး စစ်အင်အားနှင့်လက်နက်ခဲယမ်း အများအပြား ဖြည့် တင်းနေ၍ တိုက်ပွဲများ ပြင်းထန်လာနိုင်
ရန်ကုန်၊ ဒီဇင်ဘာ ၉
တနင်္သာရီတိုင်း၊ မောတောင်မြို့ကို အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင်ရန် ပြည်ထောင်စုလမ်းမကြီးကို အသုံးပြုပြီး စစ်အင်အားနှင့်ခဲယမ်း အများအပြား ဖြည့်တင်းနေ၍ တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၈ ရက်နေ့ မှစတင်ပြီး အကြမ်းဖက် စစ်တပ်က မောတောင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းပိုင်းကို အသုံးပြုပြီး စစ်အင်အားနှင့် လက်နက်ခဲယမ်း အမြောက်အများ ဖြည့်တင်ကာ စစ်ကြောင်းများ တပ်ဖြန့်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က အင်အားအများအပြားဖြည့်တင်းထားသည့်အတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေကာ တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း၊ လက်ရှိချိန်ထိ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်တပ် စစ်ကြောင်းများ ရှေ့ဆက် တိုးလာပါက တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း သိရှိရသည်။
ထိုသို့ စစ်ရေး တင်းမာနေခြင်းကြောင့် ပြည်သူများ အနေဖြင့် ဒီဇင်ဘာလ ၈ ရက်နေ့မှ စတင်ပြီး မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းပိုင်းကို ည ၆ နာရီ မှ နံနက် ၆ နာရီ အတွင်း လုံးဝဖြတ်သန်းသွားခြင်းမပြုလုပ်ရန် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
“စစ်ခွေးတွေက မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းပိုင်းကနေ စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေ အမြောက်အများပို့ဆောင်နေတယ်။ ပြီးတော့ စစ်ခွေးစစ်ကြောင်းတွေကလည်း ပြည်ထောင်စုလမ်းပိုင်းမှာ တပ်ဖြန့်ထားတယ်။ အဲလို အခြေအနေတွေကြောင့် တိုက်ပွဲကတော့ သေချာပေါက်ဖြစ်နိုင်တဲ့ အခြေအနေပေါ့။ အဲတာကြောင့် ကျနော်တို့က ဒီမြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းပိုင်းကို မသုံးဖို့ ပိတ်လိုက်ရတာ တိုက်ပွဲဖြစ်ပြီဆိုရင် နေ့ရော ညရော အချိန်မရွေး ဖြစ်နိုင်တာဆိုတော့ လုံးဝ အသုံးမပြုရင် ပိုကောင်းတယ်။ နောက်ပြီး လမ်းပိုင်းမှာ စစ်ခွေးကားတွေတွေ့ရင်လည်း ကပ်ပြီးတော့ မလိုက်ဖို့ ပြောချင်တယ်” ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် အစောပိုင်းတွင် မောတောင်မြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မောတောင်မြို့သိမ်း တိုက်ပွဲသည် ၃ ရက်ခန့်သာကြာမြင့်ခဲ့ပြီး KNU/KNLA ဦးဆောင်မှုနှင့် အတူ မောတောင်မြို့သိမ်းတိုက်ပွဲကို KNLA တပ်မဟာ ၄ မှ တပ်ရင်း ၂၀၃ ၊ တပ်ရင်း ၁၁ ၊ KNDOတပ်ရင်း ၇ ၊ တပ်ရင်း ၁၂၊ BPLA ၊ FFD တို့က ပါဝင်ပူးပေါင်းသိမ်းပိုက်ခဲ့ကြောင်း ၊ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးထိန်းသိမ်းရရှိခဲ့ပြီး ၁၂၀ မမ အမြောက် ၂ လက် ၊ ၁၂၀ မမ လက်နက်ကြီး ကျည် ၁၈၇ တောင့် ၊ .5 စက်သေနတ် ၁လက် ၊ ၆၀ မမ ၃ လက် ၊ RPG ၂လက်၊ ငါးကြင်းမှီး ၁ လက်၊လက်နက်ငယ် ၃၆ လက် နှင့်အခြားလက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်၊ ရေဖြူမြို့နယ်တွင် နောက်ဆုံး ကျန်ရှိနေသော စစ်တပ်၏ နတ်အိမ်တောင်စစ်စခန်း။