စစ်အာဏာသိမ်းထားသော မြန်မာ့စီးပွားရေး ပြန် ကောင်းလာရန် အကန့်အသတ်အတားအဆီးများရှိနေဆဲဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်၊ ဝယ်လို အားနည်းခြင်း၊ လုပ်သားရှားပါးခြင်းနှင့် လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ပဋိပက္ခနှင့်မလုံခြုံမှု အပါအဝင် ပြဿနာများစွာရှိနေ
ရန်ကုန်၊ ဒီဇင်ဘာ ၈
စစ်အာဏာသိမ်းထားသော မြန်မာ့စီးပွားရေး ပြန် ကောင်းလာရန် အကန့်အသတ်အတားအဆီးများရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ပြီး ဝယ်လို အားနည်းခြင်း၊ လုပ်သားရှားပါးခြင်းနှင့် လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ပဋိပက္ခနှင့်မလုံခြုံမှု အပါအဝင် ပြဿနာများစွာရှိနေဆဲဖြစ် ကြောင်း ကမ္ဘာ့ဘဏ်က ယနေ့ ထုတ်ပြန်ပြောဆိုသည်။
၂၀၂၅ ခုနှစ် မတ်လ ငလျင်ဒဏ်၏ သက်ရောက်မှုများ၊ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေမှုနှင့် ရေ ရှည် စိန်ခေါ်မှုများကြားမှပင် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်နာလန်ထူရေး လမ်းကြောင်းပေါ်တွင် အတန်အသင့် တိုးတက်မှု လက္ခဏာများ တွေ့မြင်ရကြောင်း၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ဧပြီလနှင့်နှိုင်းယှဉ်ပါက စီးပွားရေးမှာ ပိုမိုမြင့်မားသောစွမ်းရည်ဖြင့် လည်ပတ်ခဲ့ကြောင်း၊ ကျပ်ငွေသည် ၂၀၂၄ ခုနှစ်တွင် သိသိသာသာတန်ဖိုးကျဆင်းခဲ့သော်လည်း ယခု ၂၀၂၅ ခုနှစ်တစ် လျှောက်လုံး တည်ငြိမ်စွာ ပြန်တန်ဖိုးမြင့်တက်လာကြောင်း၊ ငွေကြေး ဖောင်းပွမှု လျော့ကျလာသော်လည်း အလုံးစုံ ကုန်ဈေးနှုန်းများ မြင့်မားနေဆဲဖြစ်ကြောင်း၊ ကုန်စည်ပို့ဆောင်ရေးပမာဏမှာ ၂၀၂၅ ခုနှစ် စက်တင် ဘာလအထိ ၆ လအတွင်း မြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
“စီးပွားရေး ပြန်ကောင်းမွန်လာမှုရဲ့ အစောပိုင်းလက္ခဏာတွေက အားရစရာကောင်းတယ်။ ဒါပေမယ့် မြန်မာ့စီးပွားရေး ပြန်ကောင်းမွန်ရေးမှာ အကန့်အသတ်ရှိနေတယ်။ ပဋိပက္ခ၊ မလုံခြုံမှုနဲ့ လျှပ်စစ်ဓာတ်အား ပြဿနာ အပါအဝင် ကြီးမားတဲ့ အတားအဆီးတွေ ဆက်ပြီး ရင်ဆိုင်နေရပါတယ်” ဟု ထိုင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ဌာနခွဲ ညွှန်ကြားရေးမှူး မယ်လင်ဒါဂွတ်က ပြောကြားသည်။
“၂၀၂၆ မတ်လကုန်အထိ မြန်မာနိုင်ငံ၏ စီးပွားရေး GDP မှာ ၂ ရာခိုင်နှုန်းလောက် ကျဆင်းမည်” ဟု အစီရင်ခံစာက ခန့်မှန်းထားပြီး အဆိုပါခန့်မှန်းချက်မှာ ယခင် ခန့်မှန်းခဲ့သည့် အနုတ် ၂ ဒသမ ၅ ရာခိုင်နှုန်း ထက် အနည်းငယ် ကောင်းမွန်လာသော ခန့်မှန်းချက်ဖြစ်ကြောင်း သိရှိရသည်။
လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေးမှာ ၃ ရာခိုင်နှုန်း ပြန်လည်ဦးမော့လာမည်ဟု ခန့်မှန်းထားပြီး အဓိကအားဖြင့် ငလျင်အပြီး ပြန်လည်တည်ဆောက်ရေးနှင့် ထိခိုက်ဆုံးရှုံးသူများကို အကူအညီများ ဆက်လက်ပေးအပ်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ၂၀ ရာခိုင်နှုန်းအထက်တွင် ရှိနေမည်ဟု မျှော်လင့်ရကြောင်း၊ ပြန်လည်တည်ဆောက်ရေး အသုံးစရိတ်များ တိုးလာခြင်းကြောင့် ဘတ်ဂျက် လိုငွေပြမှုသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် GDP ၏ ၅ ရာခိုင်နှုန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ပြည်တွင်းချေးငွေများ မြင့်မားလာမှုကို ထင်ဟပ်စေကြောင်း၊ အများပြည်သူ့ကြွေးမြီမှာ တိုင်းပြည် GDP ၏ ၆၀ ရာခိုင်နှုန်းအထက်တွင် ရှိနေမည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ပြောဆိုချက်အရ သိရှိရသည်။
ဓာတ်ပုံ- Getty Image။