အမျိုးသားညီညွတ်ရေးအစိုးရကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ဒေါက် တာဆာဆာ၊ ဦးထင်လင်းအောင်၊ ဒေါ်ခင်မမမျိုး၊ မအိသဉ္ဓာမောင်၊ ဒေါ်နော်စူဇန်နာလှလှစိုး ၊ ဦးမိုးဇော်ဦး အပါအဝင် ဝန်ကြီးနှင့် ဒုဝန်ကြီးတချို့ ပြန်မပါတော့

အမျိုးသားညီညွတ်ရေးအစိုးရကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ဒေါက် တာဆာဆာ၊ ဦးထင်လင်းအောင်၊ ဒေါ်ခင်မမမျိုး၊ မအိသဉ္ဓာမောင်၊ ဒေါ်နော်စူဇန်နာလှလှစိုး ၊ ဦးမိုးဇော်ဦး အပါအဝင် ဝန်ကြီးနှင့် ဒုဝန်ကြီးတချို့ ပြန်မပါတော့
ရန်ကုန်၊ ဒီဇင်ဘာ ၈

အမျိုးသားညီညွတ်ရေးအစိုးရကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ဝန်ကြီးတချို့နှင့်ဒုဝန်ကြီးတချို့ ပြန်လည်ပါဝင်ခြင်းမရှိတော့သည်ကို တွေ့ရှိရသည်။
ယနေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH က ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျအပ်နှင်းလိုက်သည့် အာဏာ ကို ကျင့်သုံးလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ “အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့” ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ကြေညာသည်။
ပြင်ဆင်ဖွဲ့စည်းလိုက်သော အမျိုးသားညီညွတ်ရေးအစိုးရတွင် နိုင်ငံတော်သမ္မတ အဖြစ် ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့က ဆက်လက်ပါဝင်နေပြီး ယာယီသမ္မတအဖြစ် ဒူဝါလရှီးလက တာဝန်ယူထားသည်။
ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် မန်းဝင်းခိုင်သန်းက တာဝန်ယူပြီး ဒေါက်တာ ဇော်ဝေစိုးကို ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီးဖြစ် ခန့်အပ်ထားသည်။
အခြားသော ဝန်ကြီးများအဖြစ် ဒေါ်ဇင်မာအောင်က မူလအတိုင်း နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးလွင်ကိုလတ်က ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၊ ဦးရည်မွန်က ကာကွယ်ရေးဝန်ကြီး၊ဒေါက်တာ လျန်မှုန်းဆာခေါင်းက ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး၊ ဦးတင်ထွန်းနိုင်က စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး၊ဒေါက်တာ ဝင်းမြတ်အေးက လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီး၊ဂျာထွယ်ပန်က ပညာရေးဝန်ကြီး၊ဒေါက်တာ ရွှေပုံက ကျန်းမာရေးဝန်ကြီး၊ဒေါက်တာ တူးခေါင်က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဦးအောင်မျိုးမင်းက လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး၊ဦးသိန်းဦးက တရားရေးဝန်ကြီး၊ဦးစိုးသူရထွန်းက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ယူထားသည်။
ဒုဝန်ကြီးများအဖြစ် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းနှင့် ဒေးဗစ်ဂွမ်အောင်တို့က နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးများအဖြစ်လည်းကောင်း၊ ခူထဲဘူးနှင့် ဦးကျော်နီက ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ဒုဝန်ကြီးများအဖြစ်လည်းကောင်း၊ နိုင်ကောင်းရွက်က ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊မိုင်းဝင်းထူး က ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး၊ မင်းဇေယျာဦး က စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး၊ ဒေါက်တာ ငိုင်းတမ်မောင်းက လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး၊ ဒေါက်တာ ခင်မောင်လွင်က ကျန်းမာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး၊ ခွန်စောဖူး က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး၊ ဦးအောင်ကျော်မိုး က လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး၊ ဦးမော်ထွန်းအောင်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး အဖြစ် ဆက်လက် တာဝန်ယူထားသည်။
ပြင်ဆင်ဖွဲ့စည်းလိုက်သော NUG အစိုးရအဖွဲ့တွင် ဒေါက်တာဆာဆာ၊ ဦးထင်လင်းအောင်၊ ဒေါ်ခင်မမမျိုး၊ မအိသဉ္ဓာမောင်၊ ဒေါ်နော်စူဇန်နာလှလှစိုး ၊ ဦးမိုးဇော်ဦး အပါအဝင် ဝန်ကြီးနှင့်ဒုဝန်ကြီးတချို့ ပြန်လည် ပါဝင်ခြင်းမရှိတော့ပေ။