အာဏာသိမ်းစစ်တပ်နဲ့ မျက်နှာချင်းဆိုင်သာမက တဆင့်ခံလည်း တွေ့ဆုံဆွေးနွေးတာမရှိဘူးလို့ NUG ပြော
ဒီဇင်ဘာ-၄၊ ၂၀၂၅။နေ့သစ်/People’s Spring
အင်ဒိုနီးရှားနိုင်ငံမှာ တော်လှန်ရေးအင်အားစုတွေနဲ့ အာဏာသိမ်းစစ်တပ်ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် NUG နဲ့ NUCC တို့က ယတိပြတ်ငြင်းဆိုလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ အင်ဒိုနီးရှားနိုင်ငံမှာသာမက အာဆီယံနိုင်ငံတချို့က ဦးစီးပြုလုပ်တဲ့ ဆွေးနွေးပွဲတွေကို တက်ရောက်ပြီး မြန်မာနိုင်ငံရဲ့ အခြေအနေအမှန်ကို ကမ္ဘာက နားလည်ဖို့၊ NUG နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ရပ်တည်ချက်နဲ့ သဘောထားတွေကို ကမ္ဘာက သိရှိဖို့ ဆွေးနွေးခဲ့တာတွေ ရှိတယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က People’s Spring ကို ပြောပါတယ်။
ဒါပေမဲ့ အဲဒီလို ဆွေးနွေးပွဲတွေမှာ ဘယ်တုန်းကမှ အကြမ်းဖက်စစ်တပ်တာဝန်ရှိသူတွေနဲ့ မျက်နှာ
ချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့တာ မရှိသလို တဆင့်ခံလည်း ဆွေးနွေးတာမျိုး မရှိဘူးလို့ NUG ဝန်ကြီး
ချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကလည်း အာဏာသိမ်းစစ်အုပ်စုကိုယ်
စားလှယ်တွေနဲ့ မည်သည့်နေရာ၊ မည်သည့်အခြေ
အနေမှာမှ တွေ့ဆုံခဲ့တာမရှိကြောင်း မနေ့ညပိုင်းက ထုတ်ပြန်ပါတယ်။
NUCC ဟာ တော်လှန်ရေး အောင်မြင်မှုကို ရှေးရှုပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ ကတိကဝတ်တွေနဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်းသာ ဆက်လက် ကိုင်စွဲ ရပ်တည်သွားမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။
နိုဝင်ဘာ ၂၅ ရက်ကနေ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ ‘အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေး ဆိုင်ရာ အတွေ့အကြုံများကို မျှဝေခြင်း’အလုပ်ရုံဆွေးနွေးပွဲမှာ အခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့အတူ NUCC ကိုယ်စားလှယ် (၂) ဦးတက်ရောက်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ မည်သည့်နေရာ၊ မည်သည့်အခြေအနေမှာမှ တွေ့ဆုံခဲ့ခြင်း မရှိခဲ့ကြောင်း NUCC က ထုတ်ပြန်ပါတယ်။
အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ အင်ဒိုနီးရှား Special Envoy on Myanmar ရုံးအဖွဲ့က မျှဝေတဲ့ ‘အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများ’ကို လေ့လာခဲ့ကြပြီး ပါဝင်တက်ရောက်သူများအကြား လေ့လာတွေ့ရှိမှုတွေအပေါ် အမြင်များ ဖလှယ်ဆွေးနွေးခဲ့ကြခြင်းကိုသာ ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် NUG အနေနဲ့ကလည်း ထုတ်ပြန်ထားပြီးဖြစ်တဲ့ နိုင်ငံရေးဦးတည်ချက် ၆ရပ် ပါ အချက်တွေကို အာမခံချက်မရှိဘဲ တွေ့ဆုံဆွေးနွေးမှုဆိုတာ ဖြစ်လာစရာအကြောင်းမရှိကြောင်း ဦးနေဘုန်းလတ်က ထပ်မံပြောကြားပါတယ်။
NUG နဲ့ တော်လှန်ရေးအင်အားစုတွေ ပူးတွဲထုတ်ပြန်ထားတဲ့ နိုင်ငံရေးဦးတည်ချက် ၆ရပ်ထဲမှာ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေမှုကို အဆုံးသတ်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပြီးတိုင်ဖျက်သိမ်းဖို့နဲ့ အဲဒီဥပဒေကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ဖို့၊ သက်ဆိုင်သူတွေ အားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
Author
People’s Spring
𝒫𝑒𝑜𝓅𝓁𝑒’𝓈 𝒮𝓅𝓇𝒾𝓃𝑔 ကို 𝒮