မောတောင်မြို့သိမ်းအောင်ပွဲ အားထုတ်ခဲ့ကြသူတွေနဲ့ အသက်ပေးဆပ်ခဲ့သူတွေကို KNU ဗဟို ဂုဏ်ပြု
▪️လက်နက်မျိုးစုံ ၄၀ ကျော်သိမ်းရ၊ ဖမ်းမိတဲ့ စစ်သုံ့ပန်း ၄၃ဦးကို ဥပဒေနဲ့အညီထိန်းသိမ်းထား
နိုဝင်ဘာ-၁၄၊ ၂၀၂၅။ ထားမြတ်/People’s Spring
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မောတောင်မြို့ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရာမှာ ကျရာတာဝန်မှ စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ပေးဆပ်ခဲ့ကြတဲ့ ခေါင်းဆောင်များ၊ စစ်သည်တော်အားလုံး၊ မဟာမိတ်များနဲ့ စစ်ဆင်ရေးတိုက်ပွဲအတွင်း အသက်ပေးဆပ်ခဲ့ရတဲ့ သူရဲကောင်းတွေကို အသိအမှတ်ပြု တန်ဖိုးထားဂုဏ်ပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ဒီကနေ့ နိုဝင်ဘာ ၁၄ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
KNU မြိတ်-ထားဝယ်ခရိုင်၊ တနောသရီ (တနင်္သာရီ) မြို့နယ်၊ မောတောင် မြို့ကို (၃၅) နှစ်ကျော် ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီကနေ့မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် KNU ဗဟိုက အခုလို ထုတ်ပြန်ခဲ့တာပါ။
မောတောင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၄)ရဲ့ ဦးဆောင်မှုဖြင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ ထီးဆဲ့မဲ့ရွားစစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (P.D.F)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (B.P.L.A)၊ FFD Drone Forceနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၁ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၄ရက်မြောက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။
စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအမြောက်အများ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းတွေ ဖော်ပြပါတယ်။
စခန်းသိမ်းစစ်ဆင်ရေးမှာပါတဲ့ FFD တပ်ဖွဲ့ကလည်းသိမ်းပိုက်ရရှိခဲ့တဲ့ စစ်လက်နက်ခဲယမ်းအရေအတွက်တွေ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒါတွေကတော့ ၁၂၀ မမ ၂လက်နဲ့ ကျည် ၁၈၈လုံး၊ ပွိင့်ဖိုက်စက်သေနတ် ၁လက်နဲ့ ကျည် ၂၀၀၀၊ ၆၀မမ လက်နက်ကြီး ၃လက်နဲ့ ကျည် ၄၂၀လုံး၊ ၈၁မမကျည် ၁၀၈လုံး၊ RPG ၂လက်နဲ့ ကျည်၁၂၄လုံး(ပိုယမ်း၁၂၉)၊ ငါးကြင်းမှီး ၁လက်နဲ့ ကျည် ၁၁၉၁၄တောင့်၊ MA1-၅လက်၊ MA2-၅လက်၊ MA3-၆လက်၊ MA4-၂လက်၊ M16-၁လက်နဲ့ ကျည်များ၊ AK47-၁လက်၊ ကာဘိုင်-၃လက်၊ G3-၄လက်၊ အူဇီ-၁လက်၊ ပစ္စတို-၁လက်နဲ့ ကျည် ၂၀၉တောင့်၊ ကိုးလုံးကျည်-၄လက်နဲ့ ကျည် ၁၂၃တောင့် တို့ဖြစ်ပါတယ်။ စုစုပေါင်း စစ်ကောင်စီတပ်ဆီက လက်နက်ကြီးငယ်မျိုးစုံ ၄၂လက်နဲ့ ကျည်ခဲယမ်း၊ ဗုံးသီးတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းရခဲ့တာပါ။
ဒါ့အပြင် စစ်ကောင်စီတပ်သား ၄၃ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး KNLAရဲ့ စစ်သုံ့ပန်းဥပဒေတွေနဲ့အညီ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း KNUက အသိပေးပါတယ်။
မောတောင်ဒေသဟာ KNU တနောသရီ (တနင်္သာရီ)မြို့နယ် ရုံးစိုက်ရာ နေရာတခုဖြစ်ခဲ့ပြီး ၁၉၉၀မှာ စစ်တပ်ကသာလွန်အင်အားနဲ့ တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်တယ်လို့ အသိပေးပါတယ်။
ဓာတ်ပုံ – KNU